By Bay of Bengal Post
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရိုဟင်ဂျာများ နောက်ထပ် ဝင်ရောက်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အချိန်တွင် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆေးကုသမှု ခံယူနေသည်ဆိုသော ပြောဆိုချက်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်သည်။
တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီး Dr. Khalilur Rahman က AA ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ်တွင် ရှိနေသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ အစိုးရထံတွင် တစ်စုံတစ်ရာသော အချက်အလက်မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင်လည်း ၎င်းက “ကျွန်တော့်ဆီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာအချက်အလက်မှ မရှိပါဘူး” ဟု တရားဝင် ပြန်လည်ဖြေကြားခဲ့သည်။
၎င်း၏ ပြောကြားချက်သည် ရခိုင်ပြည်နယ်အတွင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် နီးစပ်သည့် မောင်တောနှင့် ဘူးသီးတောင်ကဲ့သို့ ဒေသများတွင် AA အဖွဲ့ကို စစ်ကော်မရှင်တပ်က စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နေသည့် အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သော တက္ကနက်ဖ် (Teknaf) ရှိ ဒေသခံများ၏ ပြောပြချက်အရ မကြာသေးမီရက်ပိုင်းအတွင်း နယ်စပ်တစ်ဖက်ခြမ်းမှ ပြင်းထန်သော ပေါက်ကွဲသံများနှင့် သေနတ်သံများကို အဆက်မပြတ် ကြားနေရပြီး အချို့ ပေါက်ကွဲသံများကြောင့် ၎င်းတို့၏ နေအိမ်များပါ တုန်ခါသွားကြောင်း သိရသည်။
ဤကဲ့သို့ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသလို အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များ နောက်ထပ်တစ်ကျော့ ပြေးဝင်လာနိုင်ခြေအပေါ်တွင်လည်း စိုးရိမ်လျက်ရှိကြသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ ရိုဟင်ဂျာ ရာနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် နတ်မြစ်အနီးတွင် စုဝေးနေကြသည်ဟု သိရသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ကင်းလှည့်မှုများကို တိုးမြှင့်ထားသလို စိုးရိမ်ရသည့် နယ်စပ်ဒေသများတွင်လည်း စောင့်ကြည့်မှုများကို အရှိန်မြှင့်တင်ထားသည်။
ဆိုးရွားလာသော နယ်စပ်လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍လည်း အစိုးရအနေဖြင့် ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. Khalilur Rahman က ဆိုသည်။
၎င်းက “ကျွန်တော်တို့ နယ်စပ်အခြေအနေကို စောင့်ကြည့်နေပါတယ်။ နယ်စပ်တစ်လျှောက် စောင့်ကြည့်စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုနောက်ဆုံး တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းသည် မြန်မာ့ပဋိပက္ခ၏ ဒေသတွင်း ရိုက်ခတ်မှု ပိုမိုကြီးမားလာခြင်းကို ပြသနေပြီး စစ်ကော်မရှင်တပ်နှင့် AA ကြား တိုက်ပွဲများသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် နယ်စပ်တစ်လျှောက်ရှိ လူမှုအသိုင်းအဝိုင်းများဆီသို့ပါ ပိုမိုကူးစက်လာနေကြောင်း သိရသည်။
