မင်္ဂလာဒုံတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း တွေ့

ဓာတ်ပုံ-Htin Lin Aung ဖေ့စ်ဘွတ်ခ်
ပုံစာ - သေဆုံးနေသည့် အမျိုးသမီး။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာဝင်းအတွင်းရှိ အမှိုက်ပုံဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီးတစ်ဦး၏ အလောင်းကို စွန့်ပစ်ထားကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊ တစ်ရပ်ကွက်၊ ပုလဲအိမ်ရာဝင်းအတွင်း အသက်၃၀ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ဇူလိုင်၆ရက်၊နံနက်၈နာရီကျော်၌ တွေ့ရှိခဲ့ကြောင်း ပုလဲမြို့ သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့(ဇူလိုင်၇ရက်)ထုတ်ပြန်ထားသည်။

“အလောင်းတွေ့တာ မနေ့ကတည်းက။မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ အသတ်ခံထားရ တယ်လို့ ထင်တယ်။မနေ့ကကျတော့ ရဲက လိုက်စုံစမ်းနေလို့ သတင်းမထုတ်တာ။ဒီနေ့ထိ ဘယ်သူ ဘယ်ဝါမှန်း မသိဘူးဖြစ်နေလို့ သိရအောင် သတင်းထုတ်လိုက်တာလို့ ကြားတယ်”ဟု မင်္ဂလာဒုံမြို့ နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။

ယင်းအမျိုးသမီး၏ မျက်နှာပေါ်တွင် ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရပြီး လည်ပင်းကို ကြိုးနှင့်အညှစ်ခံထားရကြောင်း ပုလဲမြို့သစ်အရန်မီးသတ် ထုတ်ပြန်ချက်နှင့် ဓာတ်ပုံမှတ်တမ်း အရ သိရသည်။

အမျိုးသမီး၏ ကျောပြင်တွင် တက်တူးထိုးထားသည်ကိုလည်း တွေ့ရသည်။

“ဒီနေ့နေ့ခင်းထိတော့ သေတဲ့အမျိုးသမီး ဘယ်သူလဲဆိုတာ မသိသေးဘူးလို့ အရန်မီးသတ်ကနေ ကြားတယ်။သူတို့ပဲ မသိတာလား၊ရဲတွေပါ မသိသေးတာလားတော့ မသိဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။

အမျိုးသမီး၏အလောင်းကို ပုလဲမြို့သစ်အရန်မီးသတ်က မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ သည်။