ကာကင်းစခန်းမှ ထွက်ပြေးသွားသည့် စစ်သားများကို AA လိုက်လံရှင်းလင်းရာ အလောင်းနှင့် လက်နက်များထပ်မံရရှိ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ဇူလိုင်လ (၂) ရက်နှင့် (၃) ရက်နေ့များတွင် သိမ်းပိုက်ခဲ့ပြီးနောက် ယင်းစခန်းမှ ထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံရှင်းလင်းရာ အလောင်းနှင့် လက်နက်များထပ်မံရရှိခဲ့ကြောင်း ယနေ့(ဇူလိုင် ၇ရက်)တွင် ထုတ်ပြန်ထားသည်။

စခန်းကုန်းများ လက်လွှတ်ရပြီးနောက် ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို AAက လိုက်လံရှင်းလင်းရာ ဇူလိုင်လ (၄) ရက်နေ့တွင် ထွက်ပြေးနေသော ရန်သူများနှင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် စစ်သားအလောင်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

စခန်းကုန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်သည် AA သိမ်းပိုက်ထားသော စခန်းကုန်းများနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ဂျက်ဖိုက်တာများ၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် ဝေးလံသော နေရာများမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု AAထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။