ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကျူရှင်သွားသည့် လူငယ်လေးတစ်ဦးပျောက်ဆုံးနေ ကြောင်း မိသားစုဝင်တို့က လူမှုကွန်ရက်ပေါ် ထုတ်ပြန်ထားသည်။
အသက်၁၈နှစ်ဝန်းကျင်အရွယ်ရှိ ယင်းလူငယ်လေးသည် ဇူလိုင်၈ရက်၊ညနေပိုင်း၄နာရီဝန်းကျင်က တောင်ဥက္ကလာပ၊၉ရပ်ကွက်၊သူရလမ်းဘက်တွင် ကျူရှင်မှ အပြန် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး တွေ့ ရှိပါက ဆက်သွယ်ပေးကြရန် ဖုန်းနံပါတ်နှင့်တကွ ဖော်ပြထားသလို ကျေးဇူးဆပ်ပါမည်ဟုလည်း ဆိုသည်။
“မနေ့ညနေက တောင်ဥက္ကလာမှာ မိုးမရွာတော့ ညနေဘက်လည်း သူရလမ်းက လူပြတ်တာမျိုးတော့ မရှိဘူး။ဒါပေမဲ့၊ကျနော်တို့ တောင်ဥက္ကလာမှာ လူတွေပျောက်နေတာတော့ အမှန်ပဲ”တောင်ဥက္ကလာ မြို့နယ်၊ ၇ရပ်ကွက်နေ အသက်၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လူပြတ်သည့်နေရာတို့တွင် ညဦးပိုင်းအချိန်၌ ပေါ်တာဆွဲမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အသက်၅၀ကျော်များကိုလည်း ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ၎င်းက ဆိုသည်။
“ကျနော်ဆို ညဘက် ၇နာရီ၊၈နာရီဆို အပြင်လုံးဝမထွက်တော့ဘူး။ကိစ္စရှိလို့ မဖြစ်မနေ အပြင်ထွက် ရမယ်ဆိုရင်လည်း ကားနဲ့ပဲ ထွက်တယ်”၎င်းက ဆက်လက်ပြောသည်။
ညဦးပိုင်းအချိန် စက်ဘီး သို့မဟုတ် ခြေလျင် အပြင်ထွက်သူများကို အရပ်ဝတ်နှင့်လူတစ်စုက ရိုက်နှက်ကာ အိမ်စီးကားဖြင့် ဖမ်းဆီးခေါ်ဆောင်နေကြောင်း သိရသည်။
“၄၀ကျော်၊၅၀လည်း သန်သန်မာမာလည်း စစ်မှုထမ်းထဲ ထည့်နေတာ တကယ်ရှိနေတယ်။ အဖမ်း ခံရတဲ့လူတွေက အုပ်ကြီးရုံးတွေမှာ တစ်ညတော့ ချုပ်ထားတတ်တယ်။ပြီးရင် ဘုရင့်နောင် စစ်ကြော ရေးစခန်း(အမှတ်တစ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း)မှာ စစ်မှုထမ်းသင်တန်းရက် လိုသေးရင် ခဏ ထားလေ့ရှိတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
ဖမ်းဆီးမိသော အသက်ကြီးသူများကို တောင်းရမ်းသည့်ငွေ ပေးနိုင်ပါက ပြန်လွှတ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။
