မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ်အဖြစ် ဥရောပနှင့် အာရှဘောလုံးလောကတွင် အတွေ့အကြုံရင့်ကျက်သည့် နော်ဝေနိုင်ငံသား မစ္စတာ ယွန် အန်ဒါဆင် (Jørn Andersen) ကို တရားဝင်ခန့်အပ်သည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် မစ္စတာ ယွန် အန်ဒါဆင်က ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအပေါ် ဝမ်းမြောက်မိပြီး မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ၂ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မိမိ၏ စာချုပ်သက်တမ်းအတွင်း အကောင်းဆုံးနှင့် အသင့်တော်ဆုံး ကစားသမားများကို နေရာပေးသွားမည်ဖြစ်ကာ မြန်မာကစား သမားများ တိုးတက်လာရေးနှင့် မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်စေရန် ကြိုးစားစွမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နည်းပြချုပ်သစ် ယွန် အန်ဒါဆင်သည် ကစားသမားဘဝတွင် ဂျာမန်ဘွန်ဒက်စ်လီဂါ၌ ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိခဲ့သည့် ပထမဆုံး နိုင်ငံခြားသားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။ နည်းပြဘဝတွင် ဂျာမန်ကလပ် FSV Mainz 05 အသင်းကို ဘွန်ဒက်စ်လီဂါသို့ တန်းတက်အောင် ပို့ဆောင်ပေးခဲ့သည့်အပြင်၊ မြောက်ကိုရီးယားလက်ရွေးစင်အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထို့အပြင် ၎င်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟောင်ကောင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့စဉ် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် AFC Asian Cup 2023 ပြိုင်ပွဲသို့ ခြေစစ်ပွဲအောင်မြင်အောင် ပို့ဆောင်ပေးနိုင်ခဲ့သလို၊ အာရှဂိမ်းပြိုင်ပွဲတွင် အီရန်အသင်းကို အနိုင်ယူကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသူဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယွန် အန်ဒါဆင်၏ အာရှဘောလုံးလောကအပေါ် အကျွမ်းတဝင်ရှိမှု၊ နိုင်ငံတကာအတွေ့အကြုံနှင့် အသင်းတည်ဆောက်နိုင်စွမ်းရှိမှုတို့အပေါ် အသိအမှတ်ပြုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် မြန်မာ့ဘောလုံးအဆင့်အတန်း မြှင့်တင်ရေးနှင့် နိုင်ငံတကာအောင်မြင်မှုများ ရရှိစေရန် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
