ယခုတစ်ပတ် ဘတ်ခြောက်သန်းကံထူးသူ မြန်မာနိုင်ငံသား နှစ်ဦးရှိ တစ်ဦးမှာ ပထမဆုံးအကြိမ်ထိုင်းထီထိုးပြီး ကံထူးခဲ့ခြင်းဖြစ်

ဇူလိုင် ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရ ထီဖွင့်ပွဲတွင် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားနှစ်ဦးကံထူးခဲ့ကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် AAC ကိုရဲမင်းထံမှ သိရသည်။

ကံထူးခဲ့သည့် ထိုင်းရောက် မြန်မာလုပ်သား နှစ်ဦး၏ ဆုကြေးငွေများကို ဇူလိုင် ၁၇ ရက်နေ့တွင် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့က နေ့ချင်းပြီး ထုတ်ယူပေးခဲ့ကြောင်းသိရသည်။

ကံထူးရှင်နှစ်ဦးအနက် ပထမဦးဆုံးသူမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ဇာတိ ဇနီးမောင်နှံဖြစ်ပြီး၊ ဒုတိယမြောက်သူမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ လပိုင်းခန့်သာ ရှိသေးသူဖြစ်သည်။

ထူးခြားချက်မှာ ရန်ကုန်သားလူငယ်သည် ထိုင်းထီကို ထိုးလေ့ထိုးထမရှိသူဖြစ်ပြီး ပထမဆုံးအကြိမ် ထိုးသည့်အခေါက်၌ပင် ဘတ် ၆ သန်းဆုကြီးကို ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကံထူးရှင်နှစ်ဦးလုံးသည် ၎င်းတို့၏ ဆုကြေးငွေများကို ဘေးကင်းစိတ်ချစွာ ထုတ်ယူနိုင်ရန်အတွက် အေအေစီရဲမင်း ဦးဆောင်သည့် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထံ ယုံကြည်စွာဖြင့် အကူအညီ တောင်းခံခဲ့ကြသည်။

“ကံထူးရှင်တွေရဲ့ ထီဆုငွေတွေကို တစ်ပြားမကျန် တစ်လုံးတစ်ခဲတည်း ထုတ်ယူပေးခဲ့ပြီး ကံထူးရှင်တွေရဲ့ လက်ထဲကို အရောက်လွှဲပေးလိုက်ပြီလေ။ နောက်ပြီးတော့ ကံထူးရှင်တွေရဲ့ ငွေတွေကို မြန်မာပြည်က သူတို့မိသားစုတွေဆီကိုလည်း စိတ်ချလက်ချနဲ့ ဘေးကင်းစွာ ပို့ပေးနိုင်အောင် ဆက်ပြီး ကူညီပေးသွားဦးမှာပါ” ဟု AAC ကိုရဲမင်းက ပြောသည်။

𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့အနေဖြင့် အေအေစီရဲမင်း၏ တာဝန်ခံမှုဖြင့် ထိုင်းထီပထမဆုများကို ထုတ်ယူပေးခဲ့ခြင်းမှာ ယခုအကြိမ်နှင့်ဆိုပါက စုစုပေါင်း ၆၉ ကြိမ်အထိ ရှိလာခဲ့ပြီး၊ ပထမဆု ၂ စောင်တွဲကို ထုတ်ယူပေးခဲ့သည့်အကြိမ်မှာလည်း ၁၁ ကြိမ်မြောက် ရှိလာပြီဖြစ်သည်။

ထို့ပြင် ကံထူးရှင်များက 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေများ လှူဒါန်းပေးခဲ့ကြသလို၊ အဖွဲ့၏ အမာခံအဖွဲ့ဝင်များနှင့် ရုံးတွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက်လည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။