တောင်ကြီးမြို့၏ သမိုင်းဝင်အထင်ကရ နာရီစင်ကြီးကို ဖျက်ဆီးရန် ပြင်ဆင်နေမှုအပေါ် မြို့ခံများ ဝေဖန်

ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီးမြို့ရှိ သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သည့် အထင်ကရ နာရီစင်ကြီးကို စစ်အုပ်စု၏ စီမံကိန်းတစ်ခုကြောင့် ဖျက်သိမ်းရန် ပြင်ဆင်နေသည့်အပေါ် ဒေသခံမြို့ခံများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေကြကြောင်း သိရသည်။

ဖြစ်စဉ်နှင့်နီးစပ်သည့် တောင်ကြီးမြို့ခံအမျိုးသားတစ်ဦးက “ဖျက်ဖို့ရာထားပြီ” ဟု MPA ကို ပြောသည်။

အဆိုပါ နာရီစင်ကြီးအား မည်သည့်အချိန်တွင် စတင်ဖျက်သိမ်းမည်ကိုမူ စည်ပင်သာယာရေးဌာနဘက်က တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

တောင်ကြီးမြို့ နာရီစင်သည် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က မြို့မဈေး၊ ကြိုးတံတား၊ ၂ ထပ်လမ်းတို့နှင့်အတူ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင်အဆောက်အဦဖြစ်ပြီး၊ မြို့၏ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်မှု သမိုင်းကြောင်းများနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝကို ရောင်ပြန်ဟပ်နေသည့် အလွန်တန်ဖိုးရှိသော ပြည်သူ့အမွေအနှစ်တစ်ခု ဖြစ်သည်။

“နာရီစင်ကိုဖျက်တာ မြို့ကို နာမည်ဖျက်တာနဲ့ အတူတူပါပဲ။ စစ်တပ်အနေနဲ့ မြို့ကို ကောင်း‌အောင်မလုပ်နိုင်ရင်တောင် မြို့ကိုမဖျက်စေချင်ဘူး” ဟု အသက် ၆၅ နှစ်အရွယ်ရှိ တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။

ထို့ပြင် အသက် ၃၅ နှစ်အရွယ်ရှိ အခြားမြို့ခံအမျိုးသမီးတစ်ဦးကလည်း “ဘယ်လိုပဲဖျက်ပစ်စမ်းပါစေ။ တောင်ကြီးသားတွေကတော့ လိုကေးရှင်းအရ ‘နာရီစင်နား’ လို့တော့ တစ်သက်လုံး ပြောနေမှာပဲ” ဟု ဆိုသည်။

လက်ရှိတွင် တောင်ကြီးမြို့ခံများသည် အဆိုပါသမိုင်းဝင် နာရီစင်ကြီးအား အမှတ်တရအဖြစ် သွားရောက်ကြည့်ရှုခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

ယခင်က နာရီစင်အနီးတွင် စည်ကားခဲ့သည့် အထင်ကရ နာရီစင်ညဈေးမှာမူ လက်ရှိတွင် ကုန်သည်လမ်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး စနစ်တကျမရှိဘဲ ပျံကျဈေးကဲ့သို့ ဖြစ်တည်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။