လွှတ်တော်တု အကြောင်းပြပြီး အာဆီယံ မူ ၅ ရပ်ကို ပစ်ပယ်ရန် စစ်အုပ်စုကြိုးပမ်း

အာဆီယံ ခေါင်းဆောင်များ သဘောတူ ချမှတ်ခဲ့သည့် တူညီဆန္ဒ (၅) ရပ်သည် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများနှင့် မကိုက်ညီတော့ဟုဆိုကာ စစ်အုပ်စုက ၎င်းတို့ ဖန်တီးထားသည့် လွှတ်တော်အတု၏ အဆိုကို အကြောင်းပြ၍ ယင်းမူများကို ပစ်ပယ်ရန် စစ်အုပ်စုက ကြိုးပမ်းလာသည်။

ဇူလိုင် ၂၃ ရက်တွင် စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက အာဆီယံ တူညီဆန္ဒ (၅) ရပ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အဆိုပါ မူ ၅ ရပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် စစ်အုပ်စု ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ပြည်ထောင်စုလွှတ်တော်ဆိုသည်က ဇူလိုင် ၉ ရက်တွင် ‘အာဆီယံ ထုတ်ပြန်ချက် ၅ ရပ်သည် ပကတိ အခြေအနေနှင့် မကိုက်ညီ၍ သုံးသပ်ပေးပါရန်’ အရေးကြီးအဆို အတည်ပြုခဲ့၍ဟုဆိုကာ အာဆီယံ၏ ငြိမ်းချမ်းရေး မူဘောင်များကို ပစ်ပယ်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတွင်လည်း စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီးဆိုသူက ယင်းအကြောင်းအရာကို အာဆီယံသို့ ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ လေးစားလိုက်နာရပါမယ်” ဟု စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးဆိုသူက အာဆီယံ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

စစ်အုပ်စုသည် အာဆီယံ၏ ပြည်တွင်းရေး မစွက်ဖက်ရေး မူကို အကာအကွယ်ယူပြီး ပျက်စီးနေသည့် တိုင်းပြည် အခြေအနေကို ‘မြန်မာ့နည်း မြန်မာ့ဟန် (Myanmar-led approach)’ ဆိုသည့် စကားလုံးဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ပြည်သူများ လက်မခံသည့် ရွေးကောက်ပွဲအတုမှ ထွက်ပေါ်လာသည့် လွှတ်တော်တုကို ‘ပြည်သူ့ဆန္ဒ’ ဟု ခေါင်းစဉ်တပ်ကာ အာဆီယံ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို ပစ်ပယ်ရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

စစ်အုပ်စု၏ လှည့်ကွက်များနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့ဘက်က လက်ခံခြင်း မရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်လည်းဖြစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သူ မာရီယာ ထရီဇာ လာဇာရို (Maria Theresa Lazaro) က ဇူလိုင် ၂၃ ရက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ စစ်အုပ်စုအပေါ် မေးခွန်းထုတ်စရာများစွာရှနေသည်ဟုဆိုကာ အာဆီယံ၏ သဘောထားကို အတိအလင်း တုံ့ပြန်ပြောကြားခဲ့သည်။

“သူတို့ (စစ်ခေါင်းဆောင်များ) အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို ပြန်လည် တက်ရောက်နိုင်ဖို့က အလှမ်းဝေးနေဆဲပါပဲ။ သူတို့ရဲ့ လိုက်နာဆောင်ရွက်မှု အပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်” ဟု အထူးသံတမန် လာဇာရို က ပြောဆိုသည်။

စစ်အုပ်စုသည် မည်သည့် လွှတ်တော်တုနှင့် မူဝါဒ ခေါင်းစဉ်များကို အသုံးပြုသည်ဖြစ်စေ တိုင်းပြည်အတွင်း အဓမ္မ အာဏာသိမ်းထားမှုနှင့် အရပ်သား ပြည်သူများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကြောင့် နိုင်ငံတကာနှင့် အာဆီယံ၏ ဖယ်ကျဉ် သပိတ်မှောက်မှုကို လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သံတမန် အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။