ကုန်ဈေးနှုန်းကြီးမှုဒဏ်ကို မခံနိုင်သဖြင့် ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်းများစွာမှာ လက်ဖက်ရည်ဆိုင် မထိုင်နိုင်ကြတော့ကြောင်း သိရသည်။
ရန်ကုန်မြို့နေ လစာ ၁၀သိန်းမှ သိန်း၂၀ ဝန်းကျင်အထိ လစာရရှိသော ကုမ္ပဏီဝန်ထမ်း၁၁ဦးကို MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အားလုံးက အထက်ပါအတိုင်း တညီတညွတ်တည်း ပြောကြ သည်။
“မလိုအပ်ဘဲ လက်ဖက်ရည်ဆိုင် မထိုင်နိုင်တော့ဘူး။ လိုအပ်လို့ ထိုင်တယ်ဆိုတာမျိုးလည်း မရှိသ လောက်ပဲ။အရင်ခေတ်ကလို ပျင်းလို့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်ဦးမယ်ဆိုတာ အိပ်မက်ထဲတောင် ထည့် မမက်ရဲဘူး။မိသားစု ထမင်းနပ်မှန်ဖို့ပဲ ခေါင်းထဲထည့်နေရတယ်”ဟု လစာ ၁၀သိန်းဝန်းကျင်ရ သော ဒစ်ဂျစ်တယ်မားကက်တင်းဝန်ထမ်းတစ်ဦးက MPAသို့ပြောသည်။
လက်ဖက်ရည်တစ်ခွက်ဈေးမှာ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ ရပ်ကွက်ဆိုင်များတွင် ကျပ်၂၀၀၀၊ ရန်ကုန်မြို့တွင်း၌ ၂၅၀၀နှင့် ဆိုင်ကြီးများတွင် ၃၀၀၀နှင့် ၃၅၀၀ ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်နေ စာရင်းကိုင်ဝန်ထမ်းတစ်ဦးက “မနက်စာ အိမ်မှာစားတယ်။ရုံးကို တီးမစ် ထုပ်ထည့်သွားတယ်။လက်ဖက်ရည်ဆိုင်ဆိုတာ ကျမနဲ့ မဆိုင်တာ ကြာပြီ။လကုန်ခါနီးဆို အလုပ်မှာ လူထပ်လျှော့မလား၊ လစာလျှော့မလားဆိုတာလည်း တွေးကြောက်နေရသေးတယ်။ဒီအလုပ် ပြုတ် ပြီးရင် နောက်အလုပ်ထပ်ရဖို့ဆိုတာ မလွယ်တော့ဘူး”ဟုဆိုသည်။
၎င်းသည် အာဏာမသိမ်းမီကာလအထိ ရုံးဖွင့်ရက်တိုင်း နေ့ခင်းပိုင်း ထမင်းစားနားချိန်၌ လက်ဖက် ရည်ဆိုင်ပုံမှန်ထိုင်လေ့ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မိတ်ဆွေချင်းဆုံရန်အတွက် လက်ဖက်ရည်ဆိုင်၌ ချိန်းဆိုကြသည့် အလေ့ပင် ပျောက် ဆုံးနေပြီဟု လှိုင်မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
“ဘီယာဆိုင်ဘဲ ချိန်းတယ်။ ကုန်တာ မကွာလို့”ဟု ၎င်းက ပြောသည်။
စည်ဘီယာတစ်ခွက်၏ အနိမ့်ဆုံးဈေးနှုန်းမှာ ၂၀၀၀ ဝန်းကျင်ပင် ရှိသဖြင့် လက်ဖက်ရည်ဈေး အောက်ပင် နည်းသေးကြောင်း သိရသည်။
ကမာရွတ်မြို့နယ်နေ အီလက်ထရောနစ်အင်ဂျင်နီယာတစ်ဦးကလည်း “အာဏာမသိမ်းခင်က လက် ဖက်ရည်ဆိုင်နေ့တိုင်းထိုင်တယ်။ ဘီယာဆိုင် တစ်ပတ် ၃၊၄ရက်ထိုင်တယ်။အခုကတော့ ဘာဆိုင်မှ မထိုင်နိုင်တော့ဘူး။ အိမ်မှာပဲ ပုလင်းဝယ်ပြီး မိန်းမလုပ်ပေးတဲ့အမြည်းနဲ့ပဲ သောက်တော့တယ်”ဟု ပြောသည်။
လှိုင်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်းက ယခင်ကကဲ့သို့ မိမိရုံးသို့လာလည်သည့် ဧည့်သည်များကို လက် ဖက်ရည် မတိုက်နိုင်တော့သလို မည်သူမှလည်း လာမလည်ကြတော့ကြောင်း ဆိုသည်။
“မနက်ဘရိတ်ဖတ်စ်ကိုတော့ ရုံးနားမှာပဲ စားတယ်။အသုတ် အလွတ် ၂၀၀၀၊ ထမင်းကြမ်းတစ်ပွဲ ၅၀၀။အဲဒါ အနည်းဆုံး လမ်းဘေးအထမ်းဆိုင်”ဟု ၎င်းက ပြောသည်။
ကော်ဖီကြိုက်ကြသူများက ကျပ်၁၅၀၀၀ သာ ကျသင့်သည့် အထုပ်၃၀ပါ ကော်ဖီမစ်ထုပ်များ ဝယ်ထားလေ့ရှိပြီး လက်ဖက်ရည်ကြိုက်သူများက လက်ဖက်ရည်ထုပ်များ ဝယ်ထားကာ ရုံး၌ သောက်လေ့ရှိကြောင်း သိရသည်။
