အလှူရှင် မရှိဘဲ အိတ်စိုက် ကူညီမှု တစ်လကျပ်သိန်း ၁၀၀ ကျော်ကို တောင့်မခံနိုင်တော့၍ STU-M ဝန်ဆောင်မှု အကန့်အသတ်မရှိ ရပ်နား

ဓာတ်ပုံ - STU-M

စစ်အာဏာသိမ်းလိုက်သော်လည်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဆက်လက်ပြီး အခမဲ့ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STU-M) ၏ ပုံမှန် အခမဲ့ ဝန်ဆောင်မှုများကို ကာလအကန့်အသတ်မရှိ ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အလှူရှင် ထောက်ပံ့ကြေး လုံးဝမရှိဘဲ အဖွဲ့ဝင်များ၏ ကိုယ်ပိုင်ငွေကြေးဖြင့် စိုက်ထုတ် ကူညီပေးနေမှုမှာ ဘဏ္ဍာရေးအရ ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့သဖြင့် ယခုကဲ့သို့ ရပ်နားလိုက်ရခြင်း ဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင် အချို့မှာမူ အလုပ်သမားများအတွက် ဆက်လက် ကူညီပေးသွားမည်ဟု အဖွဲ့ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။

STU-M အဖွဲ့သည် မတရား အလုပ်ထုတ်ခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်စဉ်များကို ကနဦး တိုင်ကြားသည့် အဆင့်မှစ၍ တရားစွဲဆိုခြင်း၊ အမှတ်တံဆိပ် (Brand) များထံ ဆက်သွယ် ဖြေရှင်းပေးခြင်းများအထိ အခမဲ့ ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့ဖြစ်သည်။

ယင်း အခမဲ့ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ STU-M တည်ထောင်သူ တစ်ဦးက ယခုလို ရှင်းပြသည်။

“ပုံမှန် ဝန်ဆောင်မှုဆိုတာက အလုပ်သမားတစ်ယောက် အလုပ်ထုတ်ခံရတာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာ အခွင့်အရေး ချိုးဖောက်ခံရတာပဲဖြစ်ဖြစ် အကူအညီ လာတောင်းရင် အမှုပြီးဆုံးပြီး သူတို့ ကျေနပ်မှုရတဲ့အထိ တိုင်ကြားတာ၊ တရားစွဲတာ၊ Brand ကို ဆက်သွယ်တာတွေအကုန်လုံးကို အခမဲ့ ကူညီပေးတာပါ။ လာရောက် တိုင်ကြားတဲ့ အလုပ်သမားတွေကို လမ်းစရိတ် ထောက်ပံ့တာအပါအဝင် ထမင်းနဲ့ ကော်ဖီပါ တိုက်ပြီး ဝန်ဆောင်မှုပေးခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

STU-M အနေဖြင့် ယင်းကဲ့သို့ အခမဲ့ ဝန်ဆောင်မှုပေးရန် တစ်လလျှင် ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျလေ့ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ တစ်နှစ်တိတိ အလှူရှင် ထောက်ပံ့မှု မရှိဘဲ ကိုယ်ပိုင်ဘဏ္ဍာဖြင့် တောင့်ခံ ရပ်တည်ခဲ့ပြီးနောက် ယခုအခါ အခက်အခဲများကြောင့် ရပ်နားခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း STU-M ခေါင်းဆောင်နှင့် သမဂ္ဂခေါင်းဆောင် ၂ ဦးတို့မှာမူ ယခင်ကကဲ့သို့ အပြည့်အဝ ဝန်ဆောင်မှု မပေးနိုင်တော့သော်လည်း အလုပ်သမားများ၏ အခက်အခဲများကို မိမိတို့၏ ကိုယ်ပိုင်ငွေကြေးဖြင့် ဆက်လက် လိုက်ပါ ကူညီပေးသွားမည်ဟု ဆိုသည်။

အာဏာသိမ်း ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆိုးရွားစွာ မြင့်တက်နေချိန်တွင် အဓိက အားထားရသည့် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ရပ်နားရမှုများမှာ အောက်ခြေ အလုပ်သမားများအတွက် ပိုမို ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။