စက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်တွင် ဈေးတက်လာနေပြီး ပြန်လည်တန်းစီဝယ်ယူနေရသည့်အပြင် ဆိုင်တချို့မှာ ဆီမရှိသည့်အခြေအနေဖြစ်နေကြောင်း အငှားယာဉ်မောင်းများနှင့် မြို့ခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ယခုပြတ်လပ်မှုမှာ သုံးလခန့်အကြာမှာပင် ပြန်လည် အကျပ်အတည်းစိုက်ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၆ ကြိမ်ထက်မနည်း စက်သုံးဆီအကျပ်အတည်းဖြစ်ပွားခြင်းဖြစ်သည်။
ယခုအကျပ်အတည်းကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် ပြန်လည်မြင့်တက်လာမှာကို အများပြည်သူများက စိုးရိမ်နေကြပြီး နောက်ဆက်တွဲ အကျိုးဆက်အဖြစ် သယ်ယူပို့ဆောင်စရိတ်နှင့် တခြားသော ကုန်ကျစရိတ်များ ကြီးမြင့်လာမည့်အရေးနှင့် ထပ်မံရင်ဆိုင်ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
“ခံရမှာတော့ ပြည်သူတွေပဲ၊ ခရီးစရိတ်တွေမြင့်လာမယ်၊ စက်သုံးဆီနဲ့ လည်ပတ်ရတဲ့ လုပ်ငန်းခွင်တွေမှာ ကုန်ကျစရိတ်တွေ ပိုလာမယ်၊ အခုကျတော့ ဆီက တချို့ဆိုင်မှာက ၉၂ မရဘူး။ ၉၅ ရမယ်။တချို့ကျတော့ တန်းစီးပြီးမှ ဓာတ်ဆီရမယ်၊ ဒီဇယ်မရဘူး၊ ဒီဇယ်ရမယ် ဓာတ်ဆီမရဘူး။ အဲ့လိုတွေ ဖြစ်နေတယ်၊ ဘယ်သူက ဘာတွေ လုပ်နေ မှန်းကို မသိတာ၊ အခုထိ ဆီထည့်ရတာကို အဆင်မပြေသေးတာ” ဟု ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့အတွက် တစ်ပတ်စာ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာကို ၃,၃၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၃,၄၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၃,၅၆၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၄,၃၁၅ ကျပ် အသီးသီးသတ်မှတ်ထားကြောင်း စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင်လ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်အပတ်က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ် ၁၄၀ မှ ကျပ် ၄၂၀ ထိ မြင့်တက်လာသည်ကို တွေ့ရသည်။
စစ်အုပ်စု၏ နိုင်ငံခြားသုံးစွဲမှု ချွေတာလို၍ စက်သုံးဆီတင်သွင်းမှုကို လျှော့ချလိုက်ခြင်းကြောင့် ယခုလို စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။
“နိုင်ငံခြားငွေချွေတာမယ်ဆိုပြီး တင်သွင်းတာလျှော့တယ်ဆိုတော့ ဒီမှာက သူတို့အလကားပြန်ပေးတာမှ မဟုတ်တာ။ အမြတ်နဲ့ ပြန်ရောင်းနေတာပဲလေ။ အမြတ်က ဘယ်ရောက်သွားလဲ။ စီမံခန့်ခွဲမှုတွေက ဘယ်လိုလဲဆိုတာတော့ သိပ်နားမလည်ဘူး။ ကားသမားပဲဖြစ်ဖြစ်၊ ကုန်သည်ပဲ ဖြစ်ဖြစ် ရှင်းပါတယ်။ ဆီတက်ရင် တက်တဲ့ဈေးအတိုင်းပဲ သွားမှာပဲလေ” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရန်အတွက် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုများကို ထပ်မံလျှော့ချမည်ဟု ဇူလိုင်လ ပထမပတ်အတွင်းက ပြောကြားခဲ့ပြီးနောက် စားသုံးဆီများလည်း ဝယ်ယူရခက်ခဲနေသည့်အပြင် မှောင်ခိုဈေးမှာလည်း ပုံမှန်ထက်နှစ်ဆမြင့်တတ်လာခဲ့သည်။
ထို့ပြင် ယခုတပတ်မှစတင်ကာ စက်သုံးဆီဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့ပြီး ယခင်အချိန်များအတိုင်း အချိန်ကြာမြင့်စွာ ဆီကို တန်းစီဝယ်ယူရမည့်အခြေအနေများအပြင် မှောင်ခိုဈေးကွက် ပြန်လည်ခေါင်းထောင်လာမည့် အခြေအနေကိုလည်း မကြာခင်ကြုံတွေ့လာရနိုင်သည်ဟု မှတ်ချက်ပေး ပြောဆိုမှုများလည်း ရှိနေသည်။
“QR စနစ် ခွဲတမ်းနဲ့ပဲ တစ်ပတ်ကို ဘယ်လောက်ပေါ့။ အဲ့လိုပဲပေးနေသေးတာ။ မြို့ပေါ်မှာက ကိစ္စမရှိပေမဲ့ နယ်ဘက်တွေကျ ပိုပြီးခက် ခဲလာလိမ့်မယ်။ ဆီက ခွဲတန်းမရလေ ဈေးက ပိုတက်လေပဲလေ၊ ဆီတန်းရတဲ့ ပြဿနာကလည်း အမှန်ဆို ဆိုင်တွေမှာက ရှိတဲ့ဂေါက်အတိုင်း ဆီထည့်ပေးတာမဟုတ်ဘူး။ ဆီဂေါက်က ၈ ဂေါက်ရှိတယ်ဆို နှစ်ဂေါက်ပဲ ပေးတာ။ ဒါတွေကြောင့်လည်း ဆီတန်းစီရတာ ပိုပြီးကြာတာ” ဟု ရန်ကုန် – မော်လမြိုင် ခရီးသည်တင်ကား မောင်းနှင်သူတစ်ဦးက ၎င်းကြုံတွေ့နေရသည့်အခြေအနေများကို ပြောဆိုသည်။
လက်ရှိ ဆီဆိုင်များတွင် Bar Code၊ QR Code စနစ်ကို အသုံးပြုပြီး ယာဉ်အမျိုးအစားအလိုက် အင်ဂျင်ပါဝါအလိုက် ဆီပမာဏကန့်သတ်ရောင်းချပေးနေဆဲဖြစ်ပြီး ခွဲတန်းအရ မလောက်ငှသည့်အခါ မှောင်ခိုလိုက်လံ ဝယ်ယူနေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
အာဏာသိမ်းအပြီး ပထမဆုံးစက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုအကျပ်အတည်းကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည်။ ယင်းမှာ ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ထိန်းချုပ်ရေးစနစ် စတင်ခြင်းနှင့် ဒေါ်လာ လဲလှယ်နှုန်း ကန့်သတ်လိုက်ခြင်းတို့ကြောင့် ဆီသွင်းသူများ ဒေါ်လာမရဘဲ စက်သုံးဆီ စတင်ပြတ်လပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယင်းနှစ်အတွင်းမှာပင် လေးလသာခြားပြီး စက်တင်ဘာလအတွင်း စက်သုံးဆီအကျပ်အတည်းထပ်ဖြစ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ဩဂုတ်လတွင် တတိယအကြိမ်၊ နိုဝင်ဘာမှ ဒီဇင်ဘာအထိ လေးမြောက်မြောက်ဖြစ်ပွားခဲ့သည်။ တစ်ခါ ၂၀၂၄ ဩဂုတ်တွင် ငါးကြိမ်မြောက် ထပ်ပြတ်ခဲ့သည်။
ထို့ပြင် ယခုနှစ် မတ်လမှ ဧပြီလအထိ စက်သုံးဆီအကျပ်အတည်းထပ်ဖြစ်ခဲ့ပြီးနောက် ယခု ဇူလိုင်လအတွင်း သုံးလအကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
