DW
ဂျာမနီနိုင်ငံ၊ မြူးနစ်လေဆိပ်အနီးတွင် အတည်မပြုရသေးသော ဒရုန်းများ ထပ်မံမြင်တွေ့ရမှု ကြောင့် လေဆိပ်လုပ်ငန်းများကို ထပ်မံရပ်ဆိုင်းလိုက်ရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက dpa သတင်းအေဂျင်စီသို့ ပြောကြား သည်။
မြူးနစ်မြို့လယ်မှ အရှေ့မြောက်ဘက်ရှိ အနီးနားမြို့ဖြစ်သော အာဒင် (Erding) ရှိ ဂျာမန်စစ်တပ်အဆောက်အအုံတစ်ခုပေါ်၌ ဒရုန်းတစ်စင်းကို မြင်တွေ့ရပြီး နာရီအနည်းငယ်အကြာတွင် လေဆိပ်လုပ်ငန်းများကို ယခုလို ဆိုင်းငံလိုက်ရခြင်း ဖြစ်သည်။
ပြေးလမ်းနှစ်ခုလုံးကို (လေယာဉ်အတက်အဆင်းအတွက်) ဒေသစံတော်ချိန် ည ၉ နာရီ ၃၄ မိနစ်တွင် ကြိုတင်ကာကွယ်မှုအဖြစ် စတင်ပိတ်ဆို့ခဲ့သော်လည်း လုပ်ငန်းများကို နောက်ထပ်အသိပေးချက်မရမချင်း လုံးဝ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။
ဝင်ရောက်လာသော လေယာဉ်များစွာကို ဂျာမနီအနောက်တောင်ပိုင်းရှိ စတုဂတ် (Stuttgart) လေဆိပ်သို့ လမ်းကြောင်းပြောင်း လွှဲပို့ခဲ့ရသည်။
အောက်တိုဘာ ၂ ရက်နေ့ကလည်း မြူးနစ်လေဆိပ်တွင် ဒရုန်းများတွေ့ရှိမှုကြောင့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရသဖြင့် ၂ ရက်ဆက်တိုက် ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
မြူးနစ်လေဆိပ်အနီးရှိ ဂျာမနီစစ်တပ်အဆောက်အအုံတစ်ခုပေါ်တွင်လည်း အောက်တိုဘာ ၃ ရက်က ဒရုန်းတစ်စင်းကို မြင်တွေ့ခဲ့ရကြောင်း စစ်တပ်တာဝန်ရှိသူ အမည်မဖော်လိုသူ အမျိုးသမီးအရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
“ကျွန်မတို့ရဲ့ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေအတွက် သင့်လျော်တဲ့ ကာကွယ်ရေးအစီအမံတွေရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းအစီအမံများကို မြေပြင်ပေါ်ရှိ ဒေသအခြေအနေများအရ ပြင်ဆင်ချထားကြောင်း ပြောဆိုခဲ့သည်။
မြူးနစ်လေဆိပ်သည် မြူးနစ်မြို့လယ်မှ အရှေ့မြောက်ဘက် မိုင် ၂၅ မိုင် (၄၀ ကီလိုမီတာ) အကွာတွင်ရှိသည်။
မြူးနစ်လေဆိပ်၏ လေကြောင်းလုပ်ငန်းများကို ဒေသစံတော်ချိန် စနေနေ့နံနက်ပိုင်းတွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။
အောက်တိုဘာ ၃ ရက် ညနေပိုင်းက လုပ်ငန်းများ ဆိုင်းငံ့မှုကြောင့် ဆိုက်ရောက်လေယာဉ် ၂၃ စင်းကို လမ်းကြောင်းပြောင်းခဲ့ရသည်။ မြူးနစ်သို့ လာမည့် လေယာဉ် ၁၂ စင်းကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၆,၅၀၀ ခန့်၏ ခရီးစဉ်များ ကြန့်ကြာခဲ့သည်။
