ကချင်လူမျိုး MMA ဖိုက်တာ အောင်လဆန်ဆန်သည် သူ၏ ဖိုက်တာဘဝနောက်ဆုံးပွဲကို ၂၀၂၅ အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် ထိုးသတ်ခဲ့ရာ ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်ကို အနိုင်ရရှိခဲ့သည်။
ပထမအချီထိုးသတ်ရာတွင် ကစားသမားနှစ်ယောက်စလုံးသည် တစ်ဦးအမှားကို တစ်ဦးက စောင့်ဆိုင်း၍ ပွဲကို ချဉ်းကပ်လာခဲ့သည်။
အားပါပြင်းထန်သော ထိုးချက်၊ ကန်ချက်များ ထုတ်မသုံးသေးဘဲ ထိုးသတ်နေရာ ပွဲ အနည်းငယ် အေးခဲ့သည်။
ပွဲကြီးကြပ်သော ဒိုင်လူကြီး အိုလီဗီယာကော့တ်က ကစားသမားနှစ်ဦးစလုံးကို အပြင်းအထန်ယှဉ်ပြိုင်ထိုးသတ် ကြရန် ခေါ်ယူသတိပေးပြီးနောက် ထိုးသတ်ပွဲ ပိုမြိုင်လာခဲ့သည်။
အောင်လသည် ပထမအချီပြီးခါနီးတွင် ပြိုင်ဘက်ဆွီဒင်ဖိုက်တာကို နှစ်ဆင့်ခြေကန်ချက်များ၊ ခန္ဓာကိုယ်ကန်ချက် များ၊ လက်သီးတွဲလုံးများဖြင့် ဖိအားပေး ထိုးသတ်ခဲ့သည်။ ပြိုင်ဘက်ဖြစ်သူသည် အောင်လ၏ ထိုးသတ်မှုများ ကြောင့် အထိနာခဲ့သည်။
ဒုတိယအချီတွင် ထိုးသတ်ပွဲ ပိုမြိုင်လာခဲ့ပြီး အောင်လက ပြိုင်ဘက်ကို လက်သီးတွဲလုံးများဖြင့် ဖိအားပေးနိုင် ခဲ့သည်။ ဆွီဒင်ဖိုင်တာ၏ တံတောင်ရိုက်ချက်ကြောင့် အောင်လ ညဘက်မျက်လုံးဖူးရောင်ခဲ့သည်။
ဒုတိယအချီ ၂မိနစ်ကျော်တွင် အောင်လ၏ ပင့်လက်သီးထိုးချက်ကြောင့် ဆွီဒင်ဖိုက်တာ ကြိုးဝိုင်းထောင့် ကပ်သွားခဲ့ရသည်။
အောင်လက တရစပ် လက်သီးတွဲလုံးများ၊ တံတောင်ရိုက်ချက် နှင့် ဒူးတိုက်ချက်များ၊ ပတ်တံတောင်ရိုက်ချက် များကြောင့် ဆွီဒင်ဖိုက်တာ ဘယ်ဘက်မျက်လုံးအောက်ကွဲသွားခဲ့သည်။
ဒုတိယအချီ သုံးမိနစ်ကျော်တွင် အောင်လ၏ ဖိအားပေးထိုးသတ်မှုများကြောင့် ဆွီဒင်ဖိုက်တာ ဖင်ထိုင်ကျသွားခဲ့ပြီး အောင်လက တရစပ်ထပ်မံထိုးသတ်၍ ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့သည်။
“မြန်မာဖန်တွေကျေးဇူးတင်တယ်။ အားလုံးကို ကျနော်အရမ်းချစ်တယ်”ဟု ပွဲအပြီး အင်တာဗျူးတွင် အောင်လက ပြောကြားခဲ့သည်။
မြန်မာပရိတ်သတ် အချစ်တော် အောင်လအန်ဆန်သည် ၂၀၁၇ မေ ၂၆ရက် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်လု ပွဲတွင် ဗစ်တလီဘစ်ဒတ်ရှ်ကို အနိုင်ယူ၍ One Championship၏ ပထမဦးဆုံး မြန်မာကိုယ်စားပြုချန်ပီယံဖြစ်ခဲ့သည်။
ထို့အပြင် ၂၀၁၈ ဇွန် ၂၉ရက်တွင် လိုက်ဟဲဗီးဝိတ်တန်း၌ အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူ၍ ချန်ပီယံထပ်ဖြစ်ခဲ့သည်။
အောင်လသည် One Championship တွင် ခါးပတ်နှစ်ခု တပြိုင်နက်ထဲ သိမ်းပိုက်နိုင်ခဲ့သော မြန်မာကိုယ် စားပြု ကချင်လူမျိုး ဖိုက်တာဖြစ်ခဲ့သည်။
အောင်လသည် ၂၀၂၀ အောက်တိုဘာနှင့် ၂၀၂၁ မေ တွင် ရိုင်နီယာ ဒီရိုတ်တာကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံခါးပတ် များ လက်လွတ်ဆုံးရှုံးခဲ့ရသည်။
MMA ဖိုက်တာ အောင်လအန်ဆန် ၄၀နှစ်သည် MMA အားကစား တလျှောက်ပွဲ ပေါင်း ၄၆ ပွဲ ထိုးသတ်ခဲ့ပြီး ပွဲ ၃၁ အနိုင်ရ၍ ၁၅ပွဲ ရှုံးနိမ့်ထားသည်။
