တရားမဝင်ရွေးကောက်ပွဲရက် နီးလာသည့်တိုင် ရန်ကုန်တွင် မြို့ပြပြောက်ကျားတို့၏ ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်မှုများ လျော့ကျသွားမှုမရှိခြင်းကြောင့် စစ်တပ်နှင့်ရဲ အရာရှိတို့ ကြိမ်းမောင်း ဖိအားပေးခံနေရကြောင်း သိရသည်။
မင်းအောင်လှိုင်က ဇူလိုင်၃၁ရက်တွင် ကာလုံအစည်းအဝေးခေါ်ယူပြီးနောက် စစ်ကော်မရှင်နှင့် တရားမဝင် အစိုးရအသစ်ဖွဲ့စည်းကာ ဒီဇင်ဘာ၂၈ရက်၌ တရားမဝင် ရွေးကောက်ပွဲအပိုင်း၁ ပြုလုပ် မည်ဟု ကြေညာခဲ့သည့် ဩဂုတ်လမှစတင်ကာ ရန်ကုန်၌ မြို့ပြပြောက်ကျားတို့၏ တိုက်ခိုက်မှုများ စိပ်လာသဖြင့် ရန်ကုန်လုံခြုံရေးတာဝန်ကျ စစ်တပ်နှင့်ရဲတပ်ဖွဲ့ အကြီးအကဲတို့ ကြိမ်းမောင်းခံနေရ ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“နေပြည်တော်ကနေ လှမ်းငေါက်တာလို့ ကြားတယ်။ရွေးကောက်ပွဲနီးလာပြီဆိုတော့ ဘာသံမှမ ကြားချင်ဘူးပေါ့။အခုက ပေါက်ကွဲမှုတွေလည်း အရင်ထက်နည်းနည်းပိုများလာပြီး ဘယ်နေရာလုပ် လုပ် ဖမ်းမမိတော့ ပိုဆိုးတယ်။အခုအကြိမ်းခံနေရတာ အုပ်ကြီးတွေရော ပျူတွေပါအကြိမ်းခံရတာ။ လှိုင်သာယာမှာဆို မကြာသေးဘူး။ ဗုံးကွဲသံကြားပြီး လူမမိရင် အကုန်တန်းစီပါးရိုက်မယ်လို့ တစ်ပွင့်နဲ့ တစ်ခက်ကောင် က အုပ်ကြီးနဲ့ပျူတွေကို ကြိမ်းသွားသေးတယ်”ဟု ၎င်းက MPAသို့ပြောသည်။
စက်တင်ဘာလအတွင်း ရန်ကုန်၌ မြို့ပြပြောက်ကျားတို့၏ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၇ကြိမ်၊ မ အောင်မြင်သော ဗုံးဖောက်ခွဲမှု တစ်ကြိမ်နှင့် အတည်ပြုရန် စုံစမ်းနေဆဲသော တိုက်ခိုက်မှု ၂ကြိမ် ရှိ ကြောင်း Rangoon Scout Network – RSN က ထုတ်ပြန်ထားသည်။
“များသောအားဖြင့် တိုက်ခိုက်မှုတွေက ညဘက်တွေမှာ ဖြစ်ပြီးတော့ ညဘက်မှာ လူရှင်းနေရဲ့သားနဲ့ မမိတာကို စစ်တပ်ဘက်က မကျေနပ်တာ။မိရအောင်လည်း သူတို့စစ်သားတွေကိုယ်တိုင်က ဗုံးပစ်ခံ ရရင် ကြောက်ပြီး ထွက်လိုက်တာမှ မရှိတာ။ငါတို့တော့ ထွက်မလိုက်ဘူး။ကျန်တဲ့ကောင်တွေ အသေ ခံ လိုက်ကြဆိုတာမျိုး လုပ်ချင်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာနောက်ဆုံးပတ်အတွင်း ရန်ကုန်တိုင်းအဆင့် စစ်ကော်မရှင်အစည်းအဝေးတွင် တိုက်ခိုက် ခံရမှုများကို အရေးပေါ် တုံ့ပြန်နိုင်သည့် အစီအမံများ ချမှတ်ထားရန် နှုတ်မိန့်ပေးသည်ဟု သိရ ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တွင် ဩဂုတ်လအတွင်း ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၅ကြိမ်၊မအောင်မြင်သော ဗုံးဖောက်ခွဲမှု ၃ကြိမ်နှင့် အတည်ပြုရန် စုံစမ်းနေဆဲ တိုက်ခိုက်မှု ၃ကြိမ်ရှိကြောင်း RSN က ဖော်ပြသည်။
ရန်ကုန်တွင် ဇူလိုင်လအတွင်း ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၄ကြိမ်၊ ဇွန်လတွင် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု၈ကြိမ်နှင့် လုပ်ကြံမှု တစ်ကြိမ်၊ မေလတွင် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၇ကြိမ်နှင့် လုပ်ကြံ မှု တစ်ကြိမ်၊ ဧပြီတွင် တိုက်ခိုက်မှု ၇ကြိမ်နှင့် လုပ်ကြံမှု ၂ကြိမ်၊ မတ်တွင် တိုက်ခိုက်မှု ၆ ကြိမ်၊ ဖေဖေါ်ဝါရီတွင် တိုက်ခိုက်မှု ၆ကြိမ်နှင့် လုပ်ကြံမှု တစ်ကြိမ် ၊ ဇန်နဝါရီတွင် တိုက်ခိုက်မှု ၃ ကြိမ်နှင့် လုပ်ကြံမှုတစ်ကြိမ်ရှိကြောင်း RSN က ထုတ်ပြန်ထားသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကို ရန်ကုန်တိုင်းအတွင်းရှိ ကမာရွတ်၊ကျောက်တံတား၊တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊မှော်ဘီ၊ သင်္ဃန်းကျွန်း၊သန် လျင်နှင့် အလုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်ပြုလုပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
စာတည်း-ML
