ပယ်ဖျက်မော်တာဗုံးကို လေကြောင်းဗုံးသီးအဖြစ် ပြုပြင်အသုံးပြု သတ်ဖြတ်လာဟုဆို

သတ်မှတ်စံနှုန်း အရည်အသွေးနှင့် မကိုက်ညီ၍ Reject(ပယ်ဖျက်)ဖြစ်သွားသော မော်တာဗုံးသီးခွံ များကို လေကြောင်းဗုံးသီးအဖြစ် ကပစစက်ရုံ(ကာကွယ်ရေးပစ္စည်းစက်ရုံ)များက ပြန်လည်ပြုပြင် ကာ ထုတ်လုပ်ပေးနေကြောင်း သိရသည်။

ကပစ၃ နှင့် ကပစ၁၂ တပ်များတွင် ထုတ်လုပ်နေသော မော်တာဗုံးသီးများမှ သတ်မှတ်စံနှုန်း မပြည့် မီသည့် ပယ်ဖျက်ဗုံးသီးခွံများကို ပါရာမော်တာ နှင့် ဂျိုင်ရိုကော်ပတာများတွင် အသုံးပြုနိုင်ရန်အတွက် လေကြောင်းဗုံးသီးအဖြစ် ပြုပြင်ထုတ်လုပ်လာခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က သတင်းထုတ်ပြန်သည်။

“မော်တာဗုံးသီးတွေကျတော့ ပြောင်းနဲ့ပစ်ရတာပေါ့နော်။မော်တာပြောင်းနဲ့ ပစ်ရတာဖြစ်တဲ့အတွက် ဗုံးသီးရဲ့ အချင်းဆိုဒ်က သတ်မှတ်ထားတဲ့စံနှုန်းထက် ပိုသေးသွားမယ်၊စံနှုန်းထက် ပိုကြီးသွားမယ်ဆို ရင် မော်တာစိန်ပြောင်းနဲ့ ပစ်လို့မရတဲ့အခါမှာဆိုတော့ သူ့ကို ကျနော်တို့က ပယ်ဖျက် Reject အဖြစ် လုပ်ပြီးတော့မှ ပယ်ဖျက်စာရင်းသွင်းပြီးတောမှ ဖျက်ဆီးပစ်ရတာပေါ့နော်၊အရင်တုန်းကကျတော့။ အ ခုကျတော့ ပါရာမော်တာတွေ၊ ပါရာဂလိုက်ဒါတွေနဲ့ လက်နဲ့ပဲ ပစ်ချတဲ့အခါမျိုးကျတော့ ပြောင်းအ ချင်းကြီးတာ၊သေးတာဆိုတာမျိုးလည်း မော်တာဗုံးသီးလိုမျိုး မလိုအပ်တော့ဘူး”ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDMဗိုလ်မှူးနောင်ရိုးက MPAသို့ပြောသည်။

အထူးသဖြင့် ၁၂၀ မမ မော်တာဗုံးများကို လေကြောင်းဗုံးသီးအဖြစ် အသုံးပြုနေကြောင်း MDSI က ဆိုသည်။

သတ်မှတ်စံနှုန်းနှင့်မညီသော ဗုံးသီးများကို မော်တာပြောင်းနှင့် ပစ်ပါက ထိရောက်မှုမရှိတော့သည့်အ တွက် ယင်း Reject ဗုံးသီးများကို ယခင်ကကဲ့သို့ မဖျက်ဆီးတော့ဘဲ လေကြောင်းဗုံးသီးအဖြစ် ပြုပြင် ထုတ်လုပ်လာကြောင်း သိရသည်။

အဆိုပါ လေကြောင်းဗုံးသီးများကို အသုံးပြုနေသော ပါရာမော်တာ နှင့် ဂျိုင်ရိုကော်ပရာများသည် ပွင့်လင်းရာသီတွင် မြေပြန့်ဒေသများ၌ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း MDSI က သတိပေးထားသည်။

အောက်တိုဘာ၆ရက်၊သီတင်းကျွတ်လပြည့်နေ့ညတွင် ချောင်းဦးမြို့နယ်၊ဘုံတိုရွာ ဆီမီးထွန်းပွဲကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၂၀ကျော် သေဆုံးခဲ့ရသည်။

စာတည်း-ML