အာဆီယံ အနေဖြင့် မြန်မာပြည်သူလူထုကို စွန့်လွှတ်ခြင်းမပြုဘဲ ဒီမိုကရေစီ အခြေခံမှုများကို ထိန်းသိမ်းကာ စစ်ကော်မရှင်၏ အယောင်ပြ ရွေးကောက်ပွဲကို လိုက်လျောခြင်းမပြုရန် မလေးရှားလွှတ်တော်အမတ်များက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ရှင်းလင်းချက်တောင်းဆိုထားသည့် စာ၌ ဖော်ပြထားသည်။
အဆိုပါစာကို ယနေ့(အောက်တိုဘာ ၁၀ရက်)တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ မလေးရှားလွှတ်တော်အမတ်များက ပေးပို့ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့သည့် အကြောင်းအရာကို အခြေခံပြီး ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးအတွက် ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဖြေရှင်းချက်ကို ရှာဖွေရာတွင် အာဆီယံဥက္ကဌ၏ ကြိုးပမ်းအားထုတ်မှုို့ ချီးကျူးကြောင်း၊ ပဋိပက္ခတွင် ပါဝင်နေသော နှစ်ဖက် အဖွဲ့အစည်းအားလုံးနှင့် သီးခြားစီဖြစ်စေကာမူ ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်မှုသည် ဆန်းသစ်ပြီး အရေးကြီသည်ဟု ဖော်ပြထားသည်။
သို့သော် ယူးပေါင်းဆောင်ရွက်မှုများမှာ အထူးသဖြင့် စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ကော်မရှင်၏ တရားဝင်မှုကို အသိအမှတ်ပြုခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုခြင်းမျိုး မဖြစ်သင့်ကြောင်း မလေးရှားလွှတ်တော်အမတ်များက ထောက်ပြထားသည်။
“အာဆီယံ လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်က အားရဖို့ကောင်းတယ်။ အာဆီယံကို စစ်တပ်ရွေးကောက်ပွဲကို မထောက်ခံသင့်ဘူးဆိုတာကို ချက်နဲ့လက်နဲ့ ပြောသွားတာ၊ ဒါကတော့ တော်လှန်ရေးရဲ့ အရွေ့တစ်ခုပဲ၊ အမတ်တွေရဲ့တောင်းဆိုချက်ထဲမှာ NUG ၊ NUCC နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်တွေ့ဆုံဖို့ တိုက်တွန်းထားတာ နိုင်ငံရေးအရ အားသာချက်ပဲ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
မလေးရှားအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို စစ်ကောင်စီထက် ပိုမိုကောင်းမွန်သည့် ဆက်ဆံမှု မပေးနိုင်လျှင်ပင် တူညီသော ပွင့်လင်းပြီး တရားဝင်သော ပုံစံဖြင့် ဆောင်ရွက်သင့်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ယခုတောင်းဆိုချက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့သွားရောက်ပြီး စစ်ကော်မရှင်ခေါင်းဆောင်များနှင့် တွေံဆုံခြင်းနှင့်ပတ်သက်ပြီး မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်းလည်း ရေးသားထားသည်။
လက်ရှိ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ၊ ကျယ်ပြန့်သော ဖိနှိပ်မှုများ နှင့် ပိုမိုနက်ရှိုင်းလာသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြား ရွေးကောက်ပဲကျင်းပရန် စစ်ကော်မရှင်၏ အစီအစဉ်များကို မလေးရှားနှင့် အာဆီယံက ထောက်ခံနေိသည်ဟု အဓိပ္ပာယ်ရသည့် မြန်မာ့အလင်းသတင်းစာ ဖော်ပြချက်ကို အလွန်စိတ်ပူပန်မိသည်ဟုလည်း ဆိုသည်။
ထိုသို့သော အခြေအနေများအောက်တွင် စစ်ကောင်စီ ပြုလုပ်သော ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည်ဟု မယူဆနိုင်ကြောင်း၊ ပဋိပက္ခများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်နိုင်မည် မဟုတ်ဘဲ ဒီမိုကရေစီအသွင်ယူကာ အာဏာရှင်အုပ်ချုပ်မှုကို ပိုမို ခိုင်မာစေနိုင်သည်ဟု မလေးရှား လွှတ်တော်အမတ်များက ထောက်ပြထားသည်။
“စစ်ကောင်စီနဲ့ တိုက်ရိုက်တွေ့ဆုံတဲ့ လုပ်ရပ်ကတော့ စစ်ကောင်စီအတွက် ယာယီ နိုင်ငံရေးအသက်ရှူပေါက် တစ်ခုကို ဖန်တီးပေးရာ ရောက်တယ်ဆိုတာကို မလေးရှားအမတ်တွေက သေချာသိတော့ အာဆီယံ ဥက္ကဌဖြစ်တဲ့ မလေးရှား အစိုရကို လက်မှတ်ရေးထိုးပြီး ဖြေရှင်းချက်တောင်းဆိုတာလို့မြင်တယ်။ ပြီးတော့ NUG ကိုထောက်ခံတယ်လို့ ပြောလိုက်သလိုပဲ၊ အတော်ကို အားဖြစ်ရတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်သို့ တိမ်းရှောင်လာသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မလေးရှား အစိုးရအနေဖြင့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည့် သတင်းသည် မှန်ကန်ပြီး တရားမျှတမှု ရှိမရှိ ရှင်းလင်းပေးရန်၊ မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုသည် စစ်ကော်မရှင်၏ တရားဝင်မှုကို အသိအမှတ်ပြုရန်အတွက် ဦးတည်သော လမ်းကြောင်းပြောင်းလဲမှု ဟုတ်မဟုတ်ကို ရှင်းပြရန်၊ မလေးရှားနှင့် အာဆီယံသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အကူအညီပေးမည်၊ ထောက်ခံမည် သို့မဟုတ် တရားဝင်ဖြစ်စေမည် ဟုတ် မဟုတ် ဖော်ပြရန် မလေးအမတ်များက တောင်းဆိုထားသည်။
ယခုကဲ့သို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သော် မလေးရှား လွှတ်တော်အမတ်များမှာ ဆူဘန်းမဲဆန္ဒနယ်မှ YB Wong Chen(အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပါလီမန်အထူးရွေးချယ်ရေး ကော်မတီ ဥက္ကဌ)၊ အင်ဒရာ မာကိုတာမဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Dato’ Seri Saifuddin Abdullah(မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း)၊ အီပို တင်မူး မဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Howard Lee Chuan How၊ မာချန်းမဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Wan Ahmad Fayhsal(ပါလီမန်အမတ်များ အပြည်ပြည်ဆိုင်ရာရေးရာဌာနမှူး)၊ ဘူကစ်ဘန်ဒီရာ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Syerleena Abdul Rashid(ဒုက္ထသည် မူဝါဒဆိုင်ရာ မလေးရှား ပါလီမန်အဖွဲ့အစည်းအားလုံး၏ ဥက္ကဌ)၊ လန်ကာဝီမဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Dato’ Haji Mohd Suhaimi bin Abdullah၊ စေဂမတ်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Yuneswaran Ramanaraj နှင့် ပရစ်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် YB Muhammad Ismi Mat Taib တို့ ဖြစ်သည်။
စာတည်း-ကိုဆန်း
