စက်သုံးဆီ စျေးမတက် ၊ CNG တန်း မစီရသော်လည်း ရန်ကုန်မြို့၌ တက္ကစီခများ နှစ်ဆနီးပါး ထပ်တက်

ဓာတ်ပုံ-MPA
ပုံစာ- ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် အငှားယာဉ်အချို့

စက်သုံးဆီ စျေးနှုန်းများ မြင့်တက်ခြင်း၊ CNG ဂတ်စ် အချိန်ကြာမြင့်စွာ တန်းစီရခြင်းများ မရှိသော်လည်း ရန်ကုန်မြို့၌ အငှားယာဥ် စီးနင်းခများသည် ပြီးခဲ့သည့် ခြောက်လအတွင်း နှစ်ဆနီးပါးထပ်တက်လာခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့ခံများက အငှားယာဥ် စီးနင်းခများသည် အနိမ့်ဆုံး ကျပ်ငါးထောင် ဖြစ်လာကြောင်း ပြောသည်။

” ဟိုနားဒီနား လက်တား ငှားရင် အနည်းဆုံး ငါးထောင်ပေးနေရပြီ၊ Grab ဆို ထောက်လိုက်လို့ စျေးနှုန်း မြင်လိုက်ရင်ကို တော်ရုံ မငှားချင်တော့ဘူး” ဟု အင်းစိန်မြို့နယ်၌ နေထိုင်သည့် အသက် ၄၀ အရွယ် အိမ်ထောင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

Grab Taxi သည် ရန်ကုန်မြို့၌ လူသုံးအများဆုံး အငှားယာဥ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပြီး Grab က သတ်မှတ်သည့် စီးနင်းခ စျေးနှုန်းများကို အခြေခံပြီး အငှားယာဥ်မောင်းသူများကပါ နှိုင်းယှဥ် တွက်ဆကာ ယာဉ်စီးခများကို လိုသလို တောင်းခံမှုများပြုလုပ်နေခြင်းဖြစ်သည်။

Grab Taxi အငှားယာဥ် စီးနင်းခများသည် သီတင်းကျွတ် ရုံးပိတ်ရက်မတိုင်မီက စ၍ သိသိသာသာ မြင့်တက်လာခဲ့ပြီး အလားတူ လက်တား ငှားရသည့် အငှားယာဥ်များ၏ စီးနင်းခများလည်း လိုက်ပါ မြင့်တက်ခဲ့ကြောင်း မြို့ခံများ ဆိုသည်။

“မြို့ထဲကနေ အောင်မင်္ဂလာ အဝေးပြေးကို သုံးသောင်းခွဲ၊ လေးသောင်းလောက် ပေးနေရတယ်။ ကျတော်တို့ မန္တလေးကို သွားရင်တောင် ကားလက်မှတ်က အဲ့လောက် မကျဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ငှားရမ်း စီးနင်းသည့် ကီလို အလိုက် ကျသင့်ငွေကို ကောက်ခံသည် ကီလို တက္ကစီ ဝန်ဆောင်မှုများလည်း အခြား အငှားယာဥ် စီးနင်းခများ နည်းတူ မြင့်တက်လာသည်ဟု သိရသည်။

အငှားယာဥ်မောင်းများက ကုန်စျေးနှုန်းနှင့်၊ ယာဉ်ပိုင်ရှင်ကိုပေးရသည့် ကားငှားရမ်းခ စျေးကြီးမြင့်ရခြင်းကြောင့် ယခုကဲ့သို့ စျေးပိုကောက်ခံရသည်ဟု အကြောင်း ပြကြသည်။

” ဂတ်စ်ကား(CNG Taxi) က အုံနာကြေး လေးသောင်းကျော်နေပြီ၊ တစ်ရက်ကို တစ်သိန်းလောက်မှ မရှာနိုင်ရင် ကိုယ့်အတွက် မကျန်ဘူး။ ထမင်းစားလောက်ရုံ မောင်းနေရသလို ဖြစ်နေရော” ဟု ပုဇွန်တောင်မြို့နယ်မှ အငှားယာဥ်မောင်း တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်း ကာလ ငါးနှစ် အတွင်း စက်သုံးဆီ စျေးနှုန်း သုံးထောင်ကျပ် အထက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့ပြီး စျေးနှုန်း အဆမတန်မြင့်တက်နေခဲ့သည့် ကာလများတွင်ပင် ယခုကာလကဲ့သို့ အငှားယာဥ်စီးနင်းခများ များပြားခြင်း မရှိခဲ့ပေ။

အလားတူ အချိန် ၅နာရီကျော်မျှ ပေး၍ CNG တန်းစီခဲ့ရသည့် ကာလများလည်း အကြိမ်ကြိမ်ရှိခဲ့ပြီး ယင်းကာလများကလည်း အငှားယာဥ် စျေးနှုန်းများ ယခုကဲ့သို့ မများခဲ့ပေ။

ထိုအချိန်များကမူ အငှားယာဥ်မောင်းများသည် စက်သုံးဆီစျေးနှင့် အချိန်ကြာမြင့်စွာ CNG တန်းစီရခြင်းက ၄င်းတို့၏ အငှားယာဥ် စီးနင်းခများ တိုးတောင်းရခြင်း၏ အဓိက အကြောင်း အရင်းဟု ဆိုခဲ့ကြသည်။