နိုင်ငံတကာနှင့် အာဆီယံ၏ နှုတ်ဆိတ်နေမှု စစ်တပ်ကို ပိုမိုရက်စက်လာစေဟု ကင်မ်အဲရစ်ဆို

နိုင်ငံတကာနှင့် အာဆီယံ၏ နှုတ်ဆိတ်နေမှုသည် စစ်တပ်၏ရက်စက်မှုကို ပိုအတင့်ရဲလာစေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်းလင်းက ပြောသည်။

ယနေ့(အောက်တိုဘာ၁၂ရက်)တွင် ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ထုတ်ပြန်လိုက်သော ‘အာဆီယံ၏ မြန်မာစစ်အာဏာရှင်များနှင့် ထိတွေ့ဆက်ဆံမှုအပေါ် သဘာထားထုတ်ပြန်ကြေညာချက်’၌ အထက် ပါအတိုင်း ဖော်ပြထားသည်။

အောက်တိုဘာ၆ရက်၊သီတင်းကျွတ်လပြည့်ညတွင် စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ဘုံတိုရွာ၌ ဆီမီးသပိတ်ကျင်းပနေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူများ အသက်ဆုံးရှုံးပြီး မကြာမီ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့မှုအပေါ် မဖြစ်သင့်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ပြတ်ပြတ်သားသား အရေးယူခြင်းမရှိသေးသဖြင့် စစ်တပ်က ယခုကဲ့သို့ ပြစ်မှုများ ဆက်လက်ကျူး လွန် နေခြင်း ဖြစ်ကြောင်းလည်းဆိုသည်။

“စစ်အာဏာရှင်များအား တရားဝင်စေမည့်လုပ်ရပ် မှန်သမျှအတွက် ကျွန်တော် လွန်စွာစိတ်ပူပန်မိပါသည်”ဟုလည်း ၎င်းက ထုတ်ပြန်ထားသည်။

စစ်တပ်သည် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လျစ်လျူရှုခြင်းထက် ကျော်လွန်ကာ ပိုမိုကျူးလွန်ခဲ့ပြီးအာဆီယံ၏ စုပေါင်းဆန္ဒကို ပြောင်ပြောင်တင်းတင်း ပယ်ချခဲ့ကာ အာဆီယံအသိုက်အဝန်း၏ ပေါင်းစည်းညီညွတ်ခြင်းနှင့် ယုံကြည်ထိုက်ခြင်းကို ပျက်ရယ်ပြုခဲ့ကြောင်း
ယင်းကဲ့သို မထီမဲ့မြင်ပြုခြင်းအပေါ် အာဆီယံက သည်းခံနေခြင်းသည် စစ်အာဏာရှင်များ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရန် အကူအညီပေးသလိုဖြစ်နေကြောင်း ကင်မ်က ဆိုသည်။

“မြန်မာ့နွေဦးမှာ ကိုထိန်လင်းက ပိုင်းဖြတ်မှု အခိုင်အမာနဲ့ သူတတ်နိုင်တဲ့အပိုင်းကနေ ဝင်ရောက် အားဖြည့်လာတာ ဒီနှစ်ထဲမှာ စတွေ့ရတာပဲ။အဲဒီအတွက် မြန်မာပြည်သူတွေက ကျေးဇူးတင်လေး စားကြရပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းရေးသည် ၎င်း၏ အဓိက စိုးရိမ်ချက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရခြင်းသည် တရားမျှတမှုနှင့် လူသားဆန်မှုကို စစ်အာဏာရှင်များက မထီမဲ့မြင်ပျက်ရယ်ပြုနေသည့် သင်္ကေတဖြစ်ကြောင်းလည်း ကင်မ်က ထုတ်ပြန်ထားသည်။

“မေမေ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးသည် အာဆီယံနှင့် ကမ္ဘာ့၏ ထိပ်တန်းဦးစားပေး ဖြစ်ရပါမည်”ဟုလည်း ကင်မ်က တောင်းဆိုသည်။

တာဝန်ခံမှု၊ စိတ်ထားမှန်မှုနှင့် အကြမ်းဖက်မှုများ ရပ်တန့်သွားအောင်ဆောင်ရွက်နိုင်ခြင်း မရှိသရွေ့ စစ်အာဏာရှင်များ ဦးဆောင်သည့် ရွေးကောက်ပွဲ သို့မဟုတ် မည်သည့်လုပ်ငန်းစဉ်ကိုမှ တရားဝင်သည်ဟု လက်မခံနိုင်ကြောင်းလည်း မှတ်ချက်ပြုသည်။

စာတည်း-ML