လက်နက်ကိုင် ဖြေရှင်းခြင်းသည် မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဟု လက်နက်ဖြင့် အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ - လူမှုကွန်ရက်

သဘောထားကွဲလွဲမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းနေခြင်းသည် မှန်ကန်သည့် လမ်းကြောင်း မဟုတ်ဟု လက်နက်ဖြင့် အာဏာသိမ်းကာ လူသတ်အကြမ်းဖက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

နိုင်ငံရေးဖြစ်စဉ်နှင့် သဘောထားကွဲလွဲမှုများကို လက်နက်ကိုင်လမ်းစဉ်နှင့်ဖြေရှင်းနေခြင်းသည် မှန်ကန်သည့်လမ်းကြောင်း မဟုတ်ဘဲ ပဋိပက္ခ ပိုမိုများပြားလာနိုင်ပြီး ရည်မှန်းချက်နှင့် အလှမ်းဝေးစေမှာလည်းဖြစ်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့်သာ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့(အောက်တိုဘာ ၁၅ရက်) ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ပြောသည်။

” တွေ့ဆုံဆွေးနွေးမှုတွေက ဒီမိုကရေစီ ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှု တွေကနေ သဘောတူညီချက်တွေကို ရယူပြီး အချင်းချင်းယုံကြည်မှု တိုးမြှင့်တည်ဆောက် သွားနိုင်မှာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် အစိုးရနဲ့ EAO ကြားမှာ စိတ်ရင်းစေတနာမှန်ကန်စွာနဲ့ အကျေအလည်ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

တိုင်းရင်းသားလူမျိုးများ အားလုံး၏ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်း သား လူမျိုးအားလုံး ကောင်းစားရေးအတွက် အာမခံနိုင်သည့် နိုင်ငံတော်ကို ထူထောင်နိုင် မှာဖြစ်ပြီး လက်နက်ကိုင် ပြဿနာကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးသည် ဖွံဖြိုးမူအားနည်းသည့် တိုင်းဒေသ ကြီး နှင့် ပြည်နယ်များမှာသာ ဖြစ်ပေါ်နေကြောင်း ၎င်းကပြောသည်။

” အဲ့ဒီဒေသတွေဟာ လွတ်လပ်ရေးမရမီနဲ့ ရပြီးကတည်းက အခြေအနေမျိုးမျိုး၊ အကြောင်းအမျိုးမျိုး ကြောင့် ဖွံ့ဖြိုးမူအားနည်းနေသလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပြဿနာတွေကြောင့်လည်း လဲရာ သူခိုးထောင်း ဆိုသလို ပိုမိုအခြေအနေဆိုးရွားလာတာတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် ဖွံဖြိုးတိုးတက်မှု နောက်ကျနေသည့် ဒေသများက ပြည်သူများ၏ မျက်နှာကိုကြည့်ကြရန်၊ စာနာကြရန်နှင့် ၎င်းတို့အတွက် တည်ငြိမ်အေးချမ်းမှုကို အားလုံးက ၀ိုင်းဝန်းကြိုးပမ်းပေးကြပါ ဟုလည်း ၎င်းက တိုက်တွန်းပြောကြားသည်။

” ဒီနေရာမှာ ပြောကြားလိုတာကတော့ လက်နက်ကိုင်ပြီး လိုချင်တာကိုတောင်းဆိုခြင်း၊ လက်နက် ကိုင် လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကို ရှေ့တန်းတင်ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ ဒေသခံ ပြည်သူတွေကို ဖွံဖြိုးမှုနောက်ကျအောင် လုပ်ဆောင်နေ တာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ သွေဖယ်ပြီး မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်တာကို အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့ လွှတ်တော်အသီးသီးမှာ မိမိတို့ လိုလားချက်တွေကို ဆွေးနွေးညှိနှိုင်းရယူကြရမှာဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

ဒီမိုကရေစီစနစ်ကို မသုံးတတ်လျှင် ယင်းစနစ်မအောင်မြင်သည့်အပြင် မိမိနိုင်ငံ၏ဖြစ်တည်မှု လူမျိုး၊ ဘာသာရေး လူမှုရေးနဲ့ ယဉ်ကျေးမှုများ ဆုံးရှုံးသွားနိုင်သည်ကို သတိပြုရမှာဖြစ်ကြောင်းလည်း ဆိုသည်။