ဗန်းမောက်မြို့နှင့် ငါးမိုင်ဝန်းကျင်ရှိ ကျေးရွာအချို့ကို စစ်တပ်ကပြန်လည်သိမ်းပိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ

ဓာတ်ပုံ- အမှတ် ၁ စစ်ဒေသ
ပုံစာ - ဗန်းမောက်မြို့သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဗန်းမောက်မြို့နှင့် ငါးမိုင်ခန့်အကွာထိ စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းရောက်ရှိလာပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်လိုသည့် စစ်ကော်မရှင်သည် တပ်မ ၃၃ နှင့် ၎င်းတို့၏ လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်‌ (SNA)တပ်များနှင့် ပူးပေါင်းပြီး အောက်တိုဘာ ၄ရက်မှ စတင်ကာ ပြန်လည်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်လာ၍ ဗန်းမောက်မြို့နှင့် ငါးမိုင်ဝန်းကျင် အနောက်ဘက်ခြမ်းရှိ ကြောင်လည်၊ စက်တောနှင့် ဗန်းမောက်မြို့အရှေ့ခြမ်းတို့တွင် နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

“ဗန်းမောက် အနောက်ခြမ်း ကြောင်လည်ဘက်နဲ့ ဗန်းမောက် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရပ်ကွက်များ၊ ကျေးရွာများကိုလည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ ၁၃ ရက်အထိ ဂျက်ဖိုက်တာ၊ Y – 12 စစ်ထောက်ပို့လေယာဥ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။

“စစ်ကော်မရှင်တပ်ဘက်က အင်အားအတော်များတယ်။ Y – 12 နဲ့ ဗုံးကြဲတယ်၊ SNA ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့လည်း ပစ်ကူတယ်။ ခုထိကတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ စစ်တပ်ဘက်က ပြန်ရသွားတဲ့ရွာတွေလည်း ရှိတယ်။ အောက်တိုဘာ ၈ ရက်နေ့က ပြည်သူတွေကိုလည်း ဖမ်းထားတတာ ရာဂဏန်းဝန်းကျင် ရှိတယ်။ စစ်ရှောင်နေကြတာတွေလည်း အများကြီးပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်းရှိ အလယ်ရွာ၊ ကံရွာ၊ ရွှေကျောင်း၊ စက်တော၊ ခိုပြင်၊ ပင်ဟင်းခါးနှင့် ခမိုးကျေးရွာများကို စစ်ကော်မရှင်တပ်ဘက်က ပြန်လည်သိမ်းယူထားပြီး၊ အဆိုပါကျေးရွာများအပြင် ဗန်းမောက် – ကြောင်လည်လမ်းမကြီးပေါ်ရှိ ကတူးကျေးရွာများ၊ ညောင်သာယာ၊ နားယကာနှင့် မြစ်သေးကျင်းကျေးရွာအပါအဝင် ရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများ စစ်ရှောင်နေကြရကြောင်း သိရသည်။

“အရင်နှစ်တွေက ဗန်းမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာမျိုး မရှိပေမဲ့၊ မြို့ပြင်ကရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ အနီးဝန်းကျင်က မြို့တွေမှာလည်း တိုက်ပွဲဖြစ်သံတွေက ကြားနေရတော့ ကျတော်တို့လည်း ကြိုတင်ရှောင်ရှားလာတာ၊ အခုကတော့ မြို့ပေါ်ရော၊ ရွာဘက်ကရော စစ်ရှောင်ကုန်ကြပြီ” ဟု ဗန်းမောက်မြို့မှ မိတ္ထီလာမြို့သို့ တိမ်းရှောင်လာသည့် အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးနှင့် ဗန်းမောက်မြို့တို့ကို သိမ်းပိုက်ထားပြီး ခရိုင်အဆင့်ရှိသည့် ကသာမြို့အပါအဝင် ထီးချိုင့်နှင့် ကောလင်းမြို့ပေါ်နေရာများကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။