နတ်ရေကန် ရပြီးနောက် ခမောက်တောင်ကုန်းကို AA နှင့်ပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်

ဓာတ်ပုံ - AA
ပုံစာ - ရခိုင် - မကွေးနယ်စပ်ရှိ မကွေးတိုင်းအဝင်မုခ်ဦး၌ AA တပ်သားများကို ‌တွေ့ရစဉ်။ ( ပုံဟောင်း )

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နှင့် မဟာမိတ်ပူး‌ပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးနောက် ခမောက်တောင်ကုန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၄ရက်က နတ်ရေကန်ဗျူဟာကုန်းကို ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဗျူဟာကုန်းနှင့် ၃မိုင်ကျော်အကွာ၊ အမ်း – ပဒါန်းလမ်းဘေး၌ တည်ရှိသည့် ခမောက်တောင်ကုန်း၌ ယနေ့ ( အောက်တိုဘာ ၁၅ရက် ) မွန်းလွဲပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

” ခမောက်တောင်က နတ်ရေကန်ပင်မကုန်းပြီးရင် ပဒါန်းဘက်ကို ဆက်ဆင်းတဲ့လမ်းပိုင်းရဲ့ ဗျူဟာကျတဲ့ကုန်းပါ။ ခမောက်တောင်ကို အပြီးသတ်ရပြီးမှပဲ နတ်ရေကန်ပင်မကုန်းက စိတ်ချရမှာ ” ဟု ငဖဲမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

ခမောက်တောင်ကုန်းတွင် စစ်သား အင်အား ၁၅၀ မှ ၂၀၀ ခန့်အထိ ရှိနိုင်ကြောင်း ၎င်းကပြောသည်။

” နတ်ရေကန်မကျခင်ကတော့ နတ်ရေကန်ကို ခမောက်တောင်ကနေ လက်နက်ကြီး ပစ်ကူ‌ပေး ရတာ။ ရန်သူဘက်က‌ တောက်လျှောက် စစ်ကူပို့ပေးနေတယ်။ Y 12 နဲ့လည်း ပစ်ကူပေးနေတယ်။ ခုထိ တိုက်ပွဲဖြစ်နေဆဲပါ ” ဟု ၎င်းက ယနေ့ မွန်းလွဲ သုံး နာရီ ခွဲတွင် ပြောသည်။

နတ်ရေကန်ဗျူဟာကုန်းကျပြီးနောက် စစ်သားများလည်း ကစဉ့်ကလျား ထွက်ပြေးနေကြကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာကုန်းကို ၂၀၂၅ ခု၊ ဖေဖော်ဝါရီလမှစ၍ AAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်သည့်အခြေအနေနှင့် စပ်လျဉ်း၍ အာရက္ခတပ်တော် AA က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။