စစ်မှုထမ်းအတွက် လူဖမ်းခြင်းဖြင့် မြောက်ဒဂုံပျူများ စီးပွားရှာနေဟုဆို

ဓာတ်ပုံ-ရန်ကုန်လမ်းညွှန်
ပုံစာ-ဒဂုံမြို့သစ်မြောက်ပိုင်း။

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ပျူစောထီးများသည် စစ်မှုထမ်းအတွက် လူလိုက်ဖမ်းခြင်းဖြင့် စီးပွားရှာနေကြကြောင်း သိရသည်။

မြောက်ဒဂုံပျူစောထီးများသည် လမ်းပေါ်သွားလာနေသူများ၊လမ်းဘေးထိုင်နေသူများ၊အိပ်နေသူများ နှင့် ငါးဖမ်းနေသူများကို လိုက်ဖမ်းကာ စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားလေ့ရှိကြောင်း Rangoom Scout Network-RSN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျူးကျော်နေရာတွေမှာနေတဲ့ လူတွေက သူတို့ရဲ့ အဓိကပစ်မှတ်ပါပဲဗျ။ အဲ့နေရာတွေက ဖြစ်စဉ်တွေဆို လူတွေ သိပ်သတိမထားမိတတ်ကြလို့ ဖြစ်ပါမယ်”ဟု ၎င်းက MPAသို့ပြောသည်။

အောက်တိုဘာလ ၁၅ ရက်၊ ည ၁၀ နာရီခန့်တွင် မြောက်ဒဂုံ၊ ၄၁ ရပ်ကွက်အတွင်း ပျူစောထီးအဖွဲ့ဝင် ၅ဦးတို့ ကင်းလှည့်နေစဉ် တွေ့သည့် ရပ်ကွက်ထဲ ငါးဖမ်းနေသည့် ယောကျ်ားလေး ၆ ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ဖမ်းခေါ်သွားပြီး စစ်တပ်ထဲ ပို့လိုက်ကြောင်း ယင်း၆ဦးအနက် ၃ ဦးမှာ အသက်မပြည့်သေးဟုဆိုကာ ပြန်လွတ်လာပြီး ကျန် ၃ ဦးကိုမူ စစ်သင်တန်းကျောင်းသို့ ပို့လိုက်ကြောင်း RSN က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသောလူငယ်များမှာ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်သဲကွင်းဘက်ရှိ ကျူးကျော်နေရာများ၌ နေထိုင်သူများဖြစ်ပြီး မိသားစုထံ တစ်ကြိမ် ဆက်သွယ်ခွင့်ရသဖြင့် ပဲခူးတိုင်း၊အုတ်တွင်းတပ်နယ်ရှိ လေ့ကျင့်ရေးတပ်သို့ ရောက်နေပြီဟု သိရကြောင်း RSN ကဆိုသည်။

“၄၁ ရပ်ကွက်ထဲ မကြာခဏ လိုက်ဖမ်းတတ်တယ်ဗျ။ နောက်ဆုံးတိတိကျကျ သိလိုက်ရတာက ဒီနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပါ၊ ငါးဖမ်းနေတဲ့ လူငယ်လေး ၂ ယောက်ကို ဖမ်းသွားတာ။ သူတို့ဆို ၁၄ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ သူတို့နောက်ဆက်တွဲအခြေအနေတော့ ဆက်စုံစမ်းမရတော့ပါဘူးဗျ”ဟု RSN တာဝန်ရှိသူက ဆိုသည်။

၄၁ရပ်ကွက်အတွင်း လူငယ်များကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ပျူစောထီးအဖွဲ့သည် စစ်တပ်ထံ လူပို့ပြီးနောက် ပိုက်ဆံရလာသဖြင့် အောက်တိုဘာ ၁၇ ရက်တွင် မာဆက်နှင့် ကေတီဗီတို့၌ သုံးဖြုန်း ပျော်ပါးခဲ့ကြကြောင်းလည်း RSN ကထုတ်ပြန်သည်။

စစ်တပ်နှင့်ပျူစောထီးတို့သည် မြောက်ဒဂုံမြို့နယ်အတွင်း လူပြတ်သည့်နေရာနှင့် ညအချိန်တွင် ဖမ်း ဆီးလေ့ရှိကြောင်း မြောက်ဒဂုံ ၇/၈ လမ်းဆုံးအနီးနေ အသက်၅၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“လူမသိအောင် သိုသိုသိပ်သိပ်ဖမ်းနေတာ သေချာတယ်။လူမသိတော့ မဖမ်းဘူးထင်ပြီး ညဘက် လျှောက်သွားတဲ့ လူမပြတ်ဘူးလေ။အရင်တုန်းက ကျနော်လည်းပဲ ပေါ်တာဆွဲတာကို ကောလာဟလ လို့ ထင်ခဲ့ဖူးတယ်။ပြီးခဲ့တဲ့ တစ်လကျော်ကမှ ကိုယ်နဲ့ သိတဲ့ချာတိတ်တွေ အဖမ်းခံလိုက်ရလို့ သေချာ သိတာ။ ကျနော်တို့ လုံခြုံရေးအရ ဘယ်သူတွေ အဖမ်းခံရသလဲဆိုတာတော့ ထုတ်မပြောရဲဘူး”ဟု ၎င်းက ဆို သည်။

ပျူစောထီးတို့သည် လူတစ်ဦးဖမ်းပို့နိုင်လျှင် ကျပ်၅သိန်းမှ ၁၀သိန်းအထိ ဝေစုရကြောင်း RSN က ဆိုသည်။

စာတည်း-ML