တောင်သာတွင် စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၂ဦးသေဆုံး

ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီ တောင်သာ
ပုံစာ - ရုံးပင်ကျေးရွာအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲသည့်မြင်ကွင်း။

ဓာတ်ပုံ – လူထုလှုပ်ရှားမှုကော်မတီ တောင်သာ
ပုံစာ – ရုံးပင်ကျေးရွာအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲသည့်မြင်ကွင်း။မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂‌ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၁၉ရက်၊ မွန်းလွဲ ၂နာရီခွဲခန့်တွင် တောင်သာမြို့နယ်၊ ရုံးပင်ကျေးရွာကို ဂျက်ဖိုက် တာဖြင့် ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးကာ ဒဏ်ရာရသူ၂ဦးအနက် တစ်ဦးမှာ အသက် ၆နှစ်အရွယ်ကလေးဖြစ်ကြောင်းသိရသည်။

“လုပ်နေကျအတိုင်း ခွေးတွေကပွဲမရှိဘဲ လေယာဉ်နဲ့နှစ်ခါချသွားတာ၊ နှစ်ယောက်သေတယ်။ ပြည် သူတွေက ဟိုတစ်ခါ ဟောင်ဝှစ်ဇာနဲ့ပစ်ကတည်းက ရှောင်ကုန်ကြတာ။ အခုဟာက သူတို့က ရွာကို ခဏပြန်တဲ့အချိန်ဖြစ်တာ။ မြေပြင်စစ်ကြောင်းတွေလည်း လာမယ်ကြားနေတော့ ရွာကို ဘယ်သူမှ ပြန်မကပ်ရဲကြသေးဘူး” လို့ တောင်သာသတင်းရင်းမြစ်က MPA သို့ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရုံးပင်ရွာကို မြင်းခြံအခြေစိုက် စစ်တပ်က ဟောင်ဝှစ်ဇာနှင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် မြင်းခြံခရိုင် မြို့နယ်များဖြစ်သော မြင်းခြံ၊နွားထိုးကြီး၊ငါန်းဇွန်နှင့် တောင်သာ တို့တွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့၌ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရကြောင်း
တောင်သာအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာတည်း-ML