ရန်ကုန်မြို့လမ်းများပေါ် သွားလာနေသူ ၁၅ဦးကို တစ်ပတ်အတွင်း စစ်အုပ်စုက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၁၃ရက်မှ ၁၉ရက်အတွင်း မရမ်းကုန်း၊သာကေတ။ဗိုလ်တထောင်၊ ပုစွန်တောင်၊ကမာ ရွတ်၊မြောက်ဒဂုံ၊ရွှေပြည်သာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့၌ မတရားဖမ်းဆီးခံရသူ ၁၈ဦး ရှိကြောင်း သိရပြီး ၎င်းတို့အနက် ၁၅ဦးမှာ လမ်းမများပေါ် သွားလာနေစဉ်နှင့် ၃ဦးမှာ ဧည့်စာရင်း စစ်ရင်း ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း Rangoon Scout Network- RSN က ယနေ့(အောက်တိုဘာ၂၀ ရက်) သတင်းထုတ်ပြန်သည်။
“ရန်ကုန်မှာ ဖမ်းနေတာကို တချို့က ကောလာဟလလို့ထင်တယ်။အဲလိုထင်ပြီး ညဘက်ထွက်တယ်။ ဖမ်းတဲ့ကောင်တွေနဲ့ မတွေ့တော့ အဖမ်းမခံရတာကို အေးဆေးပဲထင်ရော။ လူငယ်တွေဆိုတော့ အဲဒီ လိုပေါ့ဆပြီး အဖမ်းခံရတာများတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။
ဧည့်စာရင်းမတိုင်ထားသဖြင့် ဖမ်းဆီးခံရခြင်းနှင့် ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်း ဆီးခံရသူများကိုလည်း စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေကြောင်းလည်း ၎င်းက ဆိုသည်။
“တော်ရုံ ခိုးမှု၊လုယက်မှု၊ မူးယစ်မှု အဲလောက်ကို အမှုလုပ် ထောင်ထဲထည့်ပြီး ထမင်းမကျွေးတော့ ဘူး။စစ်မှုထမ်းထဲ ပို့လိုက်ရင် ၁၀သိန်း၊၁၅သိန်း အသာလေးရတော့ အဲလိုပဲလုပ်ကြတော့တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို ညဘက်၌ အဓိကပြုလုပ်လေ့ရှိပြီး ကိုယ်ပိုင်ကား ဖြင့် သွားလာနေသူများကို ဖမ်းဆီးလေ့မရှိဘဲ ဆိုင်ကယ်၊စက်ဘီးနှင့်ခြေလျင် သွားလာနေသူများအား အဓိကဖမ်းဆီးကြောင်း သိရသည်။
စစ်တပ်သည် ညဘက်၌ ကိုယ်ပိုင် ကား များကို အရေးပေါ်ကိစ္စရှိလျှင် တားစစ်သည်မှလွဲ၍ ရှောင်တခင်စစ်ဆေး ဖမ်းဆီးမှုမျိုး အလွန်နည်း ကြောင်း RSN တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အောက်တိုဘာ၆ရက်မှ ၁၂ရက်အတွင်း ရန်ကုန်မြို့လမ်းများပေါ် သွားလာနေသူ ၄ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ၂၉ရက်မှ အောက်တိုဘာ၅ရက်အတွင်း ရန်ကုန်လမ်းများပေါ် သွားလာနေ သူ ၆ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း RSN က ထုတ်ပြန်ထားသည်။
စာတည်း-ML
