နွားထိုးကြီး – မြင်းခြံလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားနေ

ပုံစာ- မြင်းခြံမြို့မှ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့် အဖွဲ့ကိုတွေ့ရစဉ်

ပုံစာ- မြင်းခြံမြို့မှ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့် အဖွဲ့ကိုတွေ့ရစဉ်မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီး – မြင်းခြံလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဆန်းမှစ၍ လက်ရှိအချိန်ထိ နွားထိုးကြီးမြို့တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် စစ်ကော်မရှင်နှင့် သီတာယုမွန်ဦးဆောင်သည့် ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

“တိုက်ပွဲတွေ ပြန်ဖြစ်နေတာတော့ ဇူလိုင်လကနေ ပြန်ဖြစ်နေတာ။ အခု အောက်တိုဘာလထဲမှာတော့ နွားထိုးတောင်ပိုင်းရယ်၊ မြင်းခြံ – နွားထိုးကြီးလမ်းပေါ်မှာရယ် တိုက်ပွဲတွေက နေ့တိုင်းလိုလို ရှိတယ်။ တော်လှန်ရေးဘက်ကလည်း ကျတဲ့သူတွေများတယ်။ နှစ်ဖက်လုံး သေဆုံးက ရာဂဏန်းဝန်းကျင်ရှိနေပြီ၊ စစ်တပ်ဘက်ကလည်း အထိနာတော့ လေယာဥ်တွေ တောက်လျှောက်သုံးလာတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။

နွားထိုးကြီးမြို့နယ်အရှေ့ဘက် နှစ်မိုင်ခန့်အကွာ၌ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိနေပြီး နွားထိုးကြီးမြို့နယ်လက်မလွှတ်ရရေးအတွက် စစ်ကော်မရှင်တပ်က အပြင်းအထန်ခုခံလျက်ရှိနေသည်။

လက်ရှိတွင် မြင်းခြံ – နွားထိုးကြီးလမ်းမပေါ်ရှိ ရွာကြီး၊ ရွာသစ်၊ ကန်နှောင်း၊ ကုန်းသာ၊ ကံရွာနှင့် သာယာကုန်းကျေးရွာများကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးကာ နေအိမ်များအတွင်းမှ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်နေကြောင်း သိရသည်။

“ရွာကြီး၊ ရွာသစ် ရွာတွေက ရွာအကြီးကြီးတွေ။ အဲ့ဒီ့ရွာတွေလည်း ကုန်သလောက်ရှိနေပြီ။ မနေ့က(အောက်တိုဘာ ၁၉ ရက်)နဲ့ ဒီနေ့လည်း ကန်နှောင်းရွာထိပ်က ကားဂိတ်နားမှာ တိုက်ပွဲဖြစ်နေတာ။ ကန်နှောင်းရွာထဲမှာက စစ်တပ်ရှိနေသေးတယ်။ ဒီမနက်လည်း Y – 12 ကြဲတယ်။ သာယာကုန်းရွာကို မီးရှိူ့နေတယ်” ဟု မြေပြင်အခြေအနေသိရှိသူ ကန်နှောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်က နွားထိုးကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ရှောင်ရာ နေရာများကို ဂျက်ဖိုက်တာ၊ Y – 12 နှင့် စက်တပ်လေထီး(Paramotor) များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း စစ်ကော်မရှင်တပ်သည် ကန်နှောင်းကျေးရွာမြောက်ပိုင်းမှ လ္ဘက်ရည်ဆိုင်နှင့် ကားဝပ်ရှော့ဆိုင်အပါအဝင် နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောက်တိုဘာ ၁၆ ရက်တွင်လည်း ရွာထဲ၌ ကျန်ရှိနေသည့် တိရစ္ဆာန်များကို ပြန်လည်ကြည့်ရှု့သည့် ကန်နှောင်းကျေးရွာမှ အရပ်သားပြည်သူ ၂၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် ရွာကြီး၊ ရွာသစ်၊ ကန်နှောင်းကျေးရွာအပါအဝင် ကျေးရွာ ၂၀ ခန့်မှ အရပ်သားပြည်သူ နှစ်သောင်းဝန်းကျင်မှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရသည်။

“ထော်လာဂျီအပေါ်မှာ မိုးကာလေးအုပ်ပြီး စစ်ရှောင်နေရတယ်။ အရင်ကတော့ ရွာထဲကို ပြန်ဝင်နေလို့ရတယ်၊ အခုကတော့ မရတော့ဘူး။ စစ်ရှောင်တဲ့နေရာကို တစ်ခါတလေ ဆိုင်ကယ်နဲ့လာရောင်းတဲ့ ကုန်စိမ်းသည်လေးတွေဆီက ဝယ်စားလို့ရတယ်။ ကျမတို့ဆီတော့ ထောက်ပံ့ပေးတဲ့သူတွေ ရောက်မလာသေးဘူး။ မြင်းခြံမြို့ပေါ်တက်ဖို့ကလည်း နွားထိုးဘက်က စစ်ရှောင်လာတဲ့သူတွေကို အရမ်းတင်းကျပ်ထားတယ်လို့ ကြားတယ်” ဟု ရွာကြီးကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း၌လည်း စစ်ကော်မရှင် စစ်ကြောင်းသည် မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာများမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – မြင်းခြံက ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း