ရုရှားနှင့် တရုတ်ကို အကုန်ထိုးပေးနေသည့် စစ်ကော်မရှင်က KNU ကို ပိုက်ဆံရရင် အကုန်လုပ်သည့် အဖွဲ့ဟု ပုတ်ခတ်

တိုင်းပြည်၏ တွင်းထွက်ပစ္စည်းများနှင့် စီမံကိန်းအားလုံးကို ရုရှားနှင့် တရုတ်နိုင်ငံကို ထိုးပေးနေသည့် စစ်ကော်မရှင်က ကရင်အမျိုးသားအစည်းအရုံး( KNU)သည် ပိုက်ဆံရပါက အကုန်လုပ်သည့် အဖွဲ့ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(အောက်တိုဘာ ၂၀ရက်)တွင် KK Park နှင့် ပတ်သက်ပြီး ဝါဒဖြန့်သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“KNUက ဒီလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ပိုက်ဆံသာရမယ်ဆိုရင် တစ်နိုင်ငံလုံးကို လက်ညွှန်းထိုးရောင်းစားဖို့ ဝန်မလေးနဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ ပြည်သူတွေက ၀ိုင်းဝန်း ဆန့်ကျင်ဖို့လိုတယ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က KNU ကို စွပ်စွဲခဲ့မှုသည် နိုင်ငံတကာ ပုံရိပ်ကျအောင် လုပ်ဆောင်ခြင်းသာဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အခုလို ပုတ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“ဒါက စစ်တပ်လုပ်နေကြပုံစံပါပဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆိုရင် နိုင်ငံတကာမှာ ပုံရိပ်ကျအောင် တိုက်ခိုက်တဲ့ဟာကို အရင်တုန်းကလည်း လုပ်ခဲ့တယ်။ ဒီကာလအတွင်းမှာလည်းလုပ်တယ်။ AA ဆိုရင်လည်း မူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး ပြောတယ်။ KNUကိုတော့ ကျားဖြန့်နဲ့ တိုက်ခိုက်တာပေါ့၊ KK Park နဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေရှိတယ်ဆိုပေမဲ့ အဲ့ဒီနေရာကို စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတာ လူတိုင်းအသိပဲလေ၊ ဇော်မင်းထွန်းပြောတဲ့အထဲမှာ‌ ရွှေကုက္ကိုလ်ကို BGF လုပ်နေတယ်ဆိုပြီးပြောခဲ့တယ်လေ၊ အခုကလည်း KNU ကို နိုင်ငံတကာမှာ ပုံရိပ်ကျအောင်ပြောလိုက်တာပဲလေ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် KNU ခေါင်းဆောင်များသည် ငွေကြေးရယူလိုမှုတစ်ခုထဲဖြင့် နိုင်ငံတော်ပိုင်မြေကို ဥပေဒမဲ့စွာ အသုံးပြုပြီး ယင်းမြေပေါ်တွင် လောင်းကစားလုပ်ငန်းလုပ်ကိုင်သူများထံမှ အခကြေးငွေယူကာ ကြေးစား အကာအကွယ်ပေးထားသည်ဟု ဇော်မင်းထွန်းက စွပ်စွဲပြောကြားခဲ့သည်။

ဆက်လက်ပြီး ဇော်မင်းထွန်းက မြ၀တီမြို့ မြောက်ဘက်တွင်ရှိသည့် ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းကို BGF က ထိန်းချုပ်ထားပြီး မြ၀တီမြို့တောင်ဘက်ရှိ KK Park စီမံကိန်းကို KNU က ထိန်းချုပ်ထားသည်ဟု ပြောကြားခဲ့သော်လည်း BGF လုပ်ဆောင်နေသည့် ကျားဖြန့်လုပ်ငန်းများ ၊ လောင်းကစားလုပ်ငန်းများနှင့် လူကုန်ကူးသည့်လုပ်ငန်းများကိုမှု တစ်ခွန်းမှ ဖွင့်ဟပြောဆိုမှု မပြုလုပ်ခဲ့ပေ။

“စစ်တပ်က သူတို့ရဲ့ အာဏာတည်မြဲရေး၊ စစ်ရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် ဝါဒဖြန့် ယန္တရားတစ်ရပ်ကို ကောင်းကောင်းအသုံးချနေတာပဲ၊ အခုကိစ္စကလည်း ဒါ့အပြင် ပြောဖို့ကိုမလိုတော့ဘူးလေ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ၎င်းတို့ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တံဆိပ်အမျိုးမျိုးကပ်ကာ စွပ်စွဲပြောဆိုမှုများကို မကြာခဏပြုလုပ်လေ့ရှိပြီး အဲ့ဒီပြုလုပ်ခဲ့မှုများထဲမှ အာရက္ခတပ်တော်(AA)ကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများပြုလုပ်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သေးသည်။

ထိုကဲ့သို့ စစ်ကော်မရှင်၏ စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူများက စစ်ကောင်စီ၏ စွပ်စွဲချက်များသည် စစ်ရေးအရ အသာစီးရနေသည့် AA ကို နိုင်ငံရေးအရ သိက္ခာချရန်နှင့် ထိုးနှက်ရန် ရည်ရွယ်သည့် လုပ်ရပ်သာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က Ethnic Revolutionary Organizations – EROs) ကို မူးယစ်ဆေးဝါး၊ လောင်းကစား/ကျားဖြန့် (Online Scam) သို့မဟုတ် အကြမ်းဖက်မှုစသည့် ကိစ္စရပ်များဖြင့် မကြာခဏ စွပ်စွဲပြောဆိုခြင်း၏ အဓိကရည်ရွယ်ချက်များသည် နိုင်ငံတကာက ဝေဝါးသွားစေရန်၊ ပြည်သူများထောက်ခံမှု လျော့ကျစေရန်၊ စည်းရုံးညီညွတ်မှုကို ဖြိုခွဲရန်နှင့် စစ်ရေး အခြေအနေများကို အာရုံလွှဲရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

စာတည်း-ကိုဆန်း