မွန်ပြည်နယ် ၊ ရေးမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် သတင်းထောက်လှမ်းနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၀ ရက် ညနေတွင် အာယုတောင်ကျေးရွာ အခြေစိုက် ပျူစောထီး ခေါင်းဆောင် လင်းဦး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့မှ ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေသူ အာယုတောင်ကျေးရွာဇာတိ မျိုးဇော်ကိုသည် ရေးဘီလူးတပ်ရင်းတည်ရှိနေသည့် ပတ်ဝန်းကျင်အနီး အရပ်ဝတ်ဖြင့် သတင်းထောက်လှမ်းနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ သူ့ကိုဖမ်းဆီးရမိတဲ့အချိန်မှာတော့ ကျနော်တို့ရဲ့ အခုနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ သူရဲ့ ဥယျာဉ်ခြံရှိတယ်။ ဥယျာဉ်ခြံကို သူကလာပြီးတော့ သတင်းလာယူတဲ့ ပုံစံမျိုးနဲ့ တက်လာတယ်၊ အရပ်ဝတ်နဲ့ပေါ့။ ကျနော်တို့က သတင်းအတိအကျရပြီးတော့ ဖမ်းဆီးရမိတယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မျိုးဇော်ကိုနှင့်အတူ လက်နက်ခဲယမ်းများ ပါမလာကြောင်းနှင့် ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
အာယုတောင် ကျေးရွာ အခြေစိုက် လင်းဦးပြည်သူ့စစ်အဖွဲ့သည် အင်အား ၁၀၀ ဝန်းကျင်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရေးတပ်နယ်မှ ၎င်းတို့ကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်များ၌ ဖော်ပြထားသည်။
စာတည်း-ML
