ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော အထူးတိုင်း စစ်ဌာနသည် KNLA တပ်ဖွဲ့များနှင့်အတူ ထိုင်း-မြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲများကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မဲပလီဗျူဟာ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူး အပါ အခြားအဆင့် တပ်သား ၁၆ဦး လက်နက်များ နှင့် အလင်းဝင်နိုင်အောင် စည်းရုံးနိုင်ခဲ့ကာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ရုံတင်မက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ် စပ်ရှိ ရန်သူ့အထိုင်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနက ယနေ့(စက်တင်ဘာ၃ရက်) သတင်းထုတ်ပြန်သည်။
“ကျနော် သိတဲ့ အထူးတိုင်းစစ်ဌာနဆိုတာ အနာဂတ်ဖက်ဒရယ်တပ်မတော်ကြီးရဲ့ ထောက်တိုင် ကောင်းတစ်ခုဖြစ်ဖို့အထိ မျှော်မှန်းထားတယ်။ဒီနေ့ MOD(NUG ကာကွယ်ရေးဝန်ကြီးဌာန)လက် အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေဟာ စစ်စည်းကမ်း စနစ်ကြီးတဲ့ စစ်သားကောင်းတွေဖြစ်ရေးအ တွက် ပုံသွင်းရင်းနဲ့ အသက်နဲ့ရင်းပြီး အောင်ပွဲဆီ ဆက်ချီနေပါတယ်”ဟု ကရင်ပြည်နယ်အခြေစိုက် PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
အထူးတိုင်းစစ်ဌာနသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာများ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြင့် စုဖွဲ့ထားသည့် တိုင်းစစ်ဌာန ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူးပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့၌ စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ဒရုန်းလက်ရုံးအထူးတပ်ဖွဲ့ ၄ ဖွဲ့ ဖြစ်သော 1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ တို့လည်း ပါဝင်ကြောင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော SPECIAL OPERATIONS FORCES – SOF သည် အမှတ် ၁စစ်ဆင်ရေးမှူး ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း တပ်များဖြန့်ကျက်အထိုင်ချကာ အထူးတိုင်းစစ်ဌာနနှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနသည် PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များကို အတူတကွ လက်တွဲဖော်ဆောင်သွားမည် ဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရနိုင်ကြောင်းနှင့် ရွေးကောက်ပွဲအကြောင်းပြု၍ နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကိုလည်း နယ်မြေလုံးဝ မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဦးစားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အထူးတိုင်းစစ်ဌာနဖွဲ့စည်းမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
