စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအနက် ၁၃ဦးသည် လက်နက်သုံးလက် လုယူထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုတွင် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ရဲဘော်တစ်ဦးက MPA ကိုပြောသည်။
“အင်းတော်မြို့သိမ်း တိုက်ပွဲတုန်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်း ခွေး ၁၃ကောင် အချုပ်ဖောက်လက်နက်လု ထွက်ပြေးသွားတာဖြစ်တယ်။ လက်နက် သုံးလက်လဲပါသွားတယ်” ဟု ၎င်းက ပြောသည်။
ယခု ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးရရှိနိုင်ရေးအတွက် အင်းတော်မြို့နယ်ရှိ ပအဖ၊ ပလဖ နှင့် ပကဖတို့က အသဲအသန်ရှာဖွေမှုများ ပြုလုပ်နေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်သူများထဲတွင် အင်းတော်မြို့နယ် ရဲမှူးဖြစ်သည့် မောင်မောင်လှတင့်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းမှူးအဆင့်ရှိသည့် စစ်သားများလည်း ပါဝင်ကြောင်း သိရသည်။
“ရဲမှူး မောင်မောင်လှတင့်က ရဲမှူးဖြစ်တဲ့အချိန်တုန်းက ကျူးလွန်ထားတဲ့အမှုတွေ အများကြီးဘဲ အခုအချုပ်ဖောက်ပြေးတာကိုလဲ သူပဲဦးဆောင်တာ၊ G2 အဆင့်၊ တပ်ရင်းမှူးအဆင့်တွေပါတယ်။ ခွဲမှူးတွေပါတယ် အမြောက်ဆက်သွယ်ရေးက အရာရှိတွေပါတယ်။ အဲ့ဒီအချုပ်ကို စောင့်ပေးနေတာကတော့ ကောလင်းပကဖ ရဲဘော်တွေ၊ ရဲဘော်တွေကို မသတ်သွားဘဲနဲ့ ကြိုးတုတ်ပြီးထားခဲ့တယ် ” ဟု ဖြစ်စဉ်ကို သိရှိသည့် အင်းတော်မြို့ခံ တစ်ဦးက ပြောသည်။
လက်ရှိ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများတွင် လက်နက်များပါရှိသောကြောင့် ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်နိုင်သည့် အခြေအနေများရှိသောကြောင့် ကျေးရွာအလိုက် လုံခြုံရေးတင်းကျပ်ရန်နှင့် လူစိမ်းအဝင်အထွက်ရှိပါက သတင်းပေးပို့ရန် ဒေသခံအချင်းချင်း နှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ထွက်ပြေးသွားခဲ့သည့် စစ်သုံ့ပန်းများသည် အင်းတော်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ဗန်းမောက်မြို့အနောက်ခြမ်းရှိ SNA တပ်များဖြင့် သွားရောက်ပူးပေါင်းနိုင်သည့် အခြေအနေများရှိသောကြောင့် တော်လှန်ရေးတပ်များက ပိုမိုစိုးရိမ်နေခြင်းလည်းဖြစ်သည်။
“ဗန်းမောက်မှာ တိုက်ပွဲတွေဖြစ်တော့ ဒီဘက်က အင်အားတွေကို ဗန်းမောက်ကို ပို့ထားတာကို အခွင့်ကောင်းယူပြီး သုံ့ပန်းတွေ ထွက်ပြေးသွားတာဖြစ်တယ်။ သူတို့ကို ပြန်ဖမ်းမိမှ နို့မို့ဆိုရင် ဒီဘက်က အခြေအနေတွေအကုန် ပေါက်ကြားသွားနိုင်တယ်” ဟု အသက် ၄၀အရွယ် အင်းတော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တော်လှန်ရေး ပူးပေါင်းတပ်များသည် အင်းတော်မြို့ကို ရှစ်လကြာတိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့တွင် NUG၏ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်လျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ရက်ကလည်း မြင်းခြံခရိုင် ပကဖ အချုပ်ခန်းမှ အချုပ်သား ၃၀ဦးသည် လက်နက်များ ယူဆောင်ပြီးထွက်ပြေးလွတ်မြောက်ခဲ့သေးသည်။
အဆိုပါဖြစ်စဉ်တွင်လည်း အချုပ်ခန်းဖောက်ခဲ့သူများအနက် ၂၀ဦးသည် စစ်သုံ့ပန်းများဖြစ်ပြီး ကျန်ရှိသူများသည် ပြစ်ဒဏ်များကျခံနေရသည့် ရဲဘော်များဖြစ်သည်။ ယခုကဲ့သို့ အချုပ်ခန်းဖောက်ခဲ့သူများအနက် ရှစ်ဦးကိုသာ ပြန်ဖမ်းမိပြီး ကျန်ရှိနေသူများသည် စစ်ကော်မရှင်ထံ ခိုလှုံခဲ့ကြောင်း သိရသည်။
စာတည်း-ကိုဆန်း
