မိတ္ထီလာထောင်ဖောက်ခဲ့သည့် အမျိုးသမီးနိုင်ကျဉ်း၏ ရည်းစားဖြစ်သူနှင့် ၎င်း၏ အမေကို စစ်တပ်က ဖမ်းဆီး

ဓာတ်ပုံ - Google Maps
ပုံစာ - မိတ္ထီလာအကျဉ်းထောင်အား တွေ့ရစဉ်

မန္တလေးတိုင်း၊ မိတ္ထီလာအကျဥ်းထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အမျိုးသမီး နိုင်ကျဉ်း၏ ရည်းစားဖြစ်သူနှင့် ၎င်း၏ အမေကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထောင်ဖောက် ထွက်ပြေးခဲ့သည့် နိုင်ငံရေးအကျဉ်းသူကို မဖမ်းဆီးနိုင်ခဲ့သဖြင့် ၎င်း၏ ရည်းစားဖြစ်သူနှင့် အမေဖြစ်သူကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဖမ်းခံရတာတော့ ပြီးခဲ့တဲ့လ (စက်တင်ဘာလ) ကတည်းက အဖမ်းခံရတာ၊ ကောင်လေးကိုက ထွက်ပြေးတာကို ကူညီလို့ဆိုပြီး ဖမ်းတယ် ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ မိတ္ထီလာအကျဉ်းထောင်အတွင်း၌ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားကာ အကျဉ်းထောင်အတွင်းရှိ မည်သူနှင့်မျှ စကားမပြောရန် ပိတ်ပင်ထားပြီး ထောင်တွင်းစည်းကမ်းများကိုလည်း တင်းကျပ်ထားသဖြင့် တရားစွဲဆိုထားသည့် ပုဒ်မများကိုမှု မသိရသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်၊ ညနေက အကြမ်းဖက်ပုဒ်မ၊ ပုဒ်မ ၅၂(က)ဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် မိတ္ထီလာအကျဉ်းထောင်၊ အမျိုးသမီးဆောင်(မူဆယ်ဆောင်)ရှိ မိလ္လာမြောင်းပေါက်မှတဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထွက် ပြေးလွတ် မြောက်မှု ကြောင့် ယခုလအတွင်း၌ (အောက်တိုဘာလ) ထောင်ပိုင် အပါအဝင် ထောင်ဝန်ထမ်း ၆ဦး အလုပ်ဖြုတ်ခံခဲ့ရကြောင်းလည်း သိရသည်။

” အဲဒီနိုင်ကျဉ်း ထွက်ပြေးလွတ်မြောက်သွားလို့ တာဝန်ကျတဲ့ ဝန်ထမ်းတွေကို ထောင်ချဖို့ စာထွက်လာတယ်၊ အဲဒီအခါ ထောင်ပိုင်က သူပါ အလုပ်ထွက်ပါ့မယ်၊ ထောင်တော့ မချပါနဲ့ဆိုပြီး တာဝန်ယူလိုက်တာ၊ ထောင်ပိုင်ရော ကျန်တဲ့သူတွေရော အလုပ်ဖြုတ်ခံရတယ် ” ဟု မိတ္ထီလာအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို မလိုလားသော ပြည်သူများသည် ကဏ္ဍအမျိုးမျိုးမှ တော်လှန်မှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တော်လှန်သူများကို စစ်ကော်မရှင်က ဖမ်းဆီးမှုများဆောင်ရွက်ကာ ကာယကံရှင်ကို ဖမ်းမမိပါက မိသားစုဝင်များ၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းများကို မကြာခဏပြုလုပ်လေ့ရှိကြောင်း ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။

” ကျတော့်ကို ဖမ်းမမိခင်တုန်းကဆို ကျတော့်အိမ်ကို ဝင်စီးပြီး တစ်အိမ်လုံး ရှာတယ်။ ပြီးရင် ကျတော်နဲ့ အဆက်အသွယ်ရရင် သူတို့ကို(စစ်ကောင်စီတပ်) ပြောဖို့၊ မပြောရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာ တွေရှိတယ်။ သားကို မမိရင် အဖေကိုဖမ်းမယ်ဆိုတဲ့ လုပ်ရက်က တော်တော်ကို မိုက်ရိုင်းလွန်းပါတယ်။ တကယ်လည်း အဲဒီလို ဖမ်းဆီးခံနေရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ် ” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၆၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၅၅၆) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

စာတည်း-ကိုဆန်း