ရုရှားက ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် အခြားပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်စေခဲ့ပြီး ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၇ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိများက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ရုရှားသည် တိုက်ခိုက်မှုများတွင် ဒရုန်း ၆၅၀ ကျော်၊ ဒုံးကျည် ၅၀ တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒရုန်း အများစုကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး ဒုံးကျည် သုံးပုံနှစ်ပုံကို ပစ်ချနိုင်ခဲ့သည်ဟုလည်း ပြောကြားသည်။
ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒရုန်း ၅၉၂ စီးနှင့် ဒုံးကျည် ၃၁ စီးကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရုရှားသည် ဆောင်းရာသီ အအေးဓာတ်နီးလာသည်နှင့်အမျှ ယူကရိန်းပြည်သူများနှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဝန်ကြီးချုပ် ယူလီယာ ဆဗီရီဒန်ကိုက စွပ်စွဲခဲ့သည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က ယူကရိန်းကို မှောင်မိုက်ထဲနစ်မြုပ်သွားစေဖို့ပါ။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ အလင်းရောင်ကို ထိန်းသိမ်းထားဖို့ပါ” ဟု ဆဗီရီဒန်ကိုက Telegram အက်ပ်တွင် ရေးသားခဲ့သည်။ “အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ကျွန်မတို့မှာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုလိုအပ်နေပါတယ်။ ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့မှုတွေနဲ့ ကျူးကျော်သူအပေါ် အမြင့်ဆုံး ဖိအားပေးမှုတွေလည်း လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ဇယ်လန်စကီးက သူ၏ ညနေခင်း ဗီဒီယိုမိန့်ခွန်းတွင် အရှေ့ပိုင်း ဒိုနက်စခ်ဒေသ၊ ဆလိုဗီယန်စခ်မြို့ရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုကို ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏တပ်ဖွဲ့များသည် ယူကရိန်းစစ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများကို ညဘက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုပြီး ၎င်းတို့၏ တိုက်ခိုက်မှုများသည် ယူကရိန်းက ရုရှားအခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများအတွက် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း၏ အကြီးဆုံးပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီဖြစ်သော DTEK က ဒေသများစွာရှိ ၎င်းတို့၏ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ ဒီဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အား ဆက်လက်စီးဆင်းအောင် လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်ပါပဲ” ဟု DTEK ၏ အမှုဆောင်အရာရှိချုပ် မက်ဆင် တင်မ်ချန်ကိုက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်လအတွင်း တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှုအရ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်စနစ်ကို လုံးဝဖျက်ဆီးပစ်ဖို့ ရည်ရွယ်နေတာ ရှင်းပါတယ်” ဟု ၎င်းက ဆိုသည်။
ဇာပိုရစ်ရှားမြို့ကို တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူ ၁၇ ဦးအနက် ကလေးခြောက်ဦး ပါဝင်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။ ဗင်နီဆီယာဒေသတွင် လူလေးဦး ဒဏ်ရာရခဲ့ကြောင်း အရာရှိများက ပြောသည်။
