ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်၊ ကယား ၊ ကချင်နှင့် ရခိုင်ဒေသများတွင် ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်က စစ်တပ်အင်အားအများကို ယင်းဒေသများ၌ စေလွှတ်ထားရသည့်အတွက် စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်ကို တော်လှန်ရေးတပ်များက အလစ်ဝင်ရောက်တိုက်ခိုက်မည်ကို စစ်လော်ဘီများက စိုးရိမ်လျက်ရှိနေသည်။
စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် အောင်ဇေယျက ၎င်း၏ တယ်လီဂရမ်ချန်နယ်၌ “နေပြည်တော် လုံခြုံရေး အထူးမြင့်တင်ဖို့လိုအပ်နေတယ်၊ နေပြည်တော်ရဲ့ မိုင် ၁၀၀ ပတ်လည်အတွင်း PDF တွေမရှိစေဖို့ အထူးစီမံချက် ချပြီး ဆောင်ရွက်သင့်တယ်” ဟု ရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က တော်လှန်ရေးပူပေါင်းတပ်များသည် ဒရုန်းများ အသုံးပြုပြီး နေပြည်တော်ရှိ အေလာလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သည့်အပြင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၅ရက်ကလည်းMICC 2 ခန်းမကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
လုံခြုံရေး အထူးတင်းကျပ်ထားသည့် နေပြည်တော်၌ မကြာခဏ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်ဟာ စစ်အင်အား အများအပြားတိုးချဲ့ပြီး မြို့တွင်းအထိ တော်လှန်ရေးတပ်များဝင်ရောက်လာမှုကို ကာကွယ်ရန် ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
“ဒီကောင်တွေ စစ်အင်အား အတော်နည်းနေလို့ အခုလို အော်ဟစ်နေတာဖြစ်မယ်။ တစ်ပြည်လုံးကို ထိုးစစ်ပြန်လုပ်နေတော့ နောက်မှာ ဟောင်းလောင်းဖြစ်နေပုံရတယ်။ နေပြည်တော်က ဗဟိုဌာနချုပ်ဆိုတော့ အဲ့ဒါကျသွားရင် စစ်တပ်တစ်ခုလုံးပြိုမှာလေ ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
MPA မှ စုံစမ်းသိရှိရသည့် အချက်အလက်များအရ စစ်ကော်မရှင်သည် နေပြည်တော်ကို ကာကွယ်နိုင်ရန်အတွက် တိုက်ခိုက်ရေးတပ်ဖွဲ့ အင်အား ၁၄၀၀၀ကို ဖြန့်ကြက်ထားသည့်အပြင် ဝန်ထမ်းအိမ်ရာအနီးတွင်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
“နေပြည်တော်ကို ပုံမှန်ဝင်ထွက်သွားလာတဲ့သူတွေကတော့ ဂိတ်တွေမှာ စစ်ဆေးတာနည်းတယ်။ လူစိမ်းဆိုရင်တော့ သေချာကိုစစ်တာ၊ တစ်မြို့လုံးမှာလည်း စစ်သားတွေအပြည့်ဘဲ အဓိက မြို့အဝင်အထွက်နဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးပိုများတယ်။ စစ်ရုံးချုပ်လမ်းပိုင်းကတော့ သာမန်လူသွားရင်တောင် ပစ်ခံရဖို့ လွယ်တဲ့မြင်ကွင်းလေ ကားလမ်းမကြီးက တမျှော် တခေါ်ကြီး”ဟု ရန်ကုန်မှ နေပြည်တော်သို့ မကြာခဏ သွားရောက်လေ့ရှိသည့် လုပ်ငန်းရှင်တစ်ဦးက ၎င်းမြင်တွေ့နေကြ ဖြစ်စဉ်ကို ပြောပြသည်။
ထို့ပြင် စစ်ရုံးချုပ်အနီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုးအောင်မှု မပြုလုပ်နိုင်ရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် စစ်ကော်မရှင်က အဆိုပါနေရာအနီးရှိ ကျေးရွာအချို့၏ နေအိမ်များကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ထားကြောင်း သိရသည်။
ယင်းအပြင် လေကြောင်းရန် ကာကွယ်ရေးစနစ်၊ Jammer နှင့် နည်းပညာဆိုင်ရာ ပစ္စည်းများကို ပိုမိုတိုးခြဲထားသည့်အပြင် ဒရုန်းစောင့်ကြည့်ရေးအဖွဲ့များကိုလည်း ၂၄နာရီ စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း မြေပြင်သတင်းရင်းမြစ်၏ သတင်းပေးပို့ချက်အရသိရသည်။
ဆက်လက်ပြီး အစိုးရဝန်ထမ်းအိမ်ရာ၊ လွှတ်တော်၊ သမ္မတရုံးနှင့် အရာရှိအိမ်ရာများသို့ ပြင်ပယာဉ်ဝင်ထွက်ခွင့်များကို တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် မြို့တွင်း အချက်အချာကျသည့်နေရာများ၊ လမ်းဆုံ၊ လမ်းခွများနှင့် ဝင်ထွက်ပေါက်များတွင် ဘန်ကာများ၊ ယာယီတဲများ ချကာ လက်နက်အပြည့်အစုံဖြင့် စစ်သားများက စောင့်ကြပ်နေကြောင်းလည်းသိရသည်။
