နှစ်ဖက်စစ်ရေးတင်းမာနေသည့် မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ကော်မရှင်က ရေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် စစ်အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ စုံစမ်းသိရှိသည်။
ပြီးခဲ့သည့်လမှစတင်ကာ စစ်ကော်မရှင်သည် ရေးမြို့နယ်မြောက်ပိုင်း၊ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်း၊ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ကို သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကြောင်းထိုးနိုင်ရေးအတွက် စစ်ကော်မရှင်သည် စစ်အင်အားများကို ကားလမ်းမကြီးကတဆင့် ပို့ဆောင်ခြင်းမပြုဘဲ ဇီးဖြူသောင်ကျေးရွာ၊ ပန်းဒါဆိပ်ကမ်းမှ တဆင့် ပြောင်းလဲအသုံးပြုလာခြင်းဖြစ်သည်။
“တွေ့တာတော့ ကြာပြီး အစပိုင်းကတော့ ညပိုင်းတွေမှာ သင်္ဘောတွေနဲ့ လာတယ်။ လူချ၊ ပစ္စည်းချ အဲဒီလောက်ပဲပေါ့၊ နောက်ပိုင်းကျတော့ တစ်လမှာဆို ၂ ခါမကတော့ သုံးခေါက်၊ ၄ ခေါက်လောက်ဖြစ်လာတယ်။ လူတွေများလာတယ်။ ပြီးတော့ ရေးမြို့ဘက်ကို ကားနဲ့ ခေါ်သွားကြတာပဲ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ရေးမြို့ခံ တစ်ဦးက MPA သို့ ပြောသည်။
ရေးကြောင်းမှတဆင့် ပို့ဆောင်လာသည့်သူများထဲ၌ စစ်သား မိသားစုဝင်များလည်း ပါဝင်ပြီး တစ်ကြိမ်လျှင် အနည်းဆုံး ၁၀၀မှ ၂၀၀ ခန့်ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါရောက်ရှိလာသည့် စစ်သည်များကို ရေးမြို့နယ် စကခ-၁၉ ကို ပို့ဆောင်ပြီး ယင်းမှတဆင့် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေဖြူမြို့နယ်အတွင်းရှိ အခြေစိုက်တပ်ရင်းများအပြင် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ခေါင်းဆောင်အချို့က ပြောသည်။
“အမှတ်(၈)လမ်းမပေါ့၊ ရေးမြောက်ပိုင်း၊ သံဖြူဇရပ်တောင်ပိုင်း၊ အာယုတောင်နဲ့ ရေးကြားမှာရော၊ နေရာ တော်တော်များမှာ တော်လှန်ရေးအဖွဲ့တွေက နေရာယူထားတော့ ဒီလမ်းကို သူတို့သုံးရင် သူတို့အတွက် အရမ်းကို အန္တရာယ်ရှိနေတယ်လေ၊ ရွာချင်းဆက်လမ်းတွေလည်း သုံးသေးတယ်။ အဲဒီလမ်းတွေအထိ ဟန့်တားတော့ နောက်ပိုင်းကျတော့ လုံးဝကို မသုံးတော့ဘူး။ ရေကြောင်းကနေပဲ ပြောင်းသုံးသွားတာ” ဟု ရေးပြည်သူ့ ကာကွယ် ရေးတပ် (YPDF) ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောသည်။
အာဏာသိမ်းအစောပိုင်းကာလများတွင် ရေး-ထားဝယ်အမှတ်(၈)ပြည်ထောင်စုလမ်းမတလျှောက် ကြားဖြတ် တိုက်ခိုက်ခံရမှုများရှိနေသည့် စစ်ကော်မရှင်သည် ယခင်ကတည်းက ရေကြောင်းကို အသုံးပြုမှုများ ရှိနေသော်လည်း ပြီးခဲ့သည့်လများ၌ သိသိသာသာအသုံးပြုလာသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ မွန်ပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြောက်ကျားနည်းလမ်းဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်း နှင့် ခြုံခိုတိုက်ခိုက်နေခြင်းကြောင့် စစ်တပ်က အထိအခိုက် အကျအဆုံးများနေကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုရှိနေသလို အင်အားမမျှတမှုများကြောင့် နယ်မြေအချို့မှ ပြန်လည်ဆုတ်ခွာမှုများ ရှိနေကြောင်း ဆိုသည်။
“ အနန်းကွင်းဗျူဟာထဲကို အင်အားထပ်ပို့ချင်တာလဲ ရှိတယ်။ အဲ့ဒါကြောင့် အမှတ်(၈)လမ်းမအတိုင်း အင်အားဖြည့်တာ ရှိတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲလုပ်နိုင်ဖို့ပေါ့၊ အဲဒီနှစ်ချက်ကြောင့် ထိုးနေတာ၊ ကျတော်တို့ကလည်း သူတို့တွေ ရှေ့ဆက်တိုးတာ လုပ်မရအောင် တားနေတယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က ပြောသည်။
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်တွင် တည်ရှိသည့် အနန်းကွင်းရွာမှ အနန်းကွင်းဗျူဟာကို တော်လှန်ရေး ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်နေသည်မှာ တနှစ်ကြာပြီးဖြစ်သည့်အတွက် အဆိုပါဗျူဟာအတွက် လိုအပ်သည်များကို ယခုလမ်းကြောင်းမှတဆင့် ပို့ဆောင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကော်မရှင်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ မရှိသေးသော်လည်း နယ်နမိတ်ထိစပ်နေသည့် ကရင်နှင့် တနင်္သာရီတိုင်းတွင် မကြာခဏဆိုသလို လေကြောင်းမှ ပစ်ကူပေးနေရကြောင်း သိရသည်။
