အကြွေးရှိခြင်းကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ဖယ်ရှားခြင်းသည် တရားဥပဒေထက် နိုင်ငံရေးအရ အသုံးချမှုတစ်မျိုးဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမ(တစည)မှ ဒေါက်တာကျော်ဆွေက ဝေဖန်လိုက်ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဌ သက်သက်ခိုင်ကို ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်း အဖြစ် မှ ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာကျော်ဆွေ (တစည)က “ကိုယ်စားလှယ်လောင်း ရုပ်သိမ်းမှု ဖြစ်စဉ်အပေါ် ဥပဒေ၊ စီးပွားရေးနှင့် နိုင်ငံရေး ဆိုင်ရာသုံးသပ် ချက်”ခေါင်းစဉ်ဖြင့် ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ယင်းဝေဖန်ချက်ကို PPP-ဝန်းရံသူများ လူမှုကွန်ရက် စာမျက်နှာပေါ် ဖော်ပြထားသည်။
“ဒေါက်တာသက်သက်ခိုင်ဟာ 68 Residence Project အပါအဝင် လုပ်ငန်းအများအပြားလုပ်ကိုင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ငန်းများမှာ ဘဏ်ချေးငွေ အသုံးပြုခြင်းသည် သာမန် စီးပွားရေးလှုပ်ရှားမှုသာဖြစ် ပါတယ်။ Keynesian economic theory အရ လုပ်ငန်းတိုးတက်မှုအတွက် ငွေချေးခြင်းသည် productive borrowing အဖြစ် သတ်မှတ်နိုင်ပြီး၊ သက်ဆိုင်ရာ အကြွေးအပြန်ဆပ်သော စနစ်ရှိနေပါက ဥပဒေချိုးဖောက်မှု မဟုတ်ပါဘူး (Keynes, 1936)”ဟု ဒေါက်တာကျော်ဆွေ (တစည)က ဆိုသည်။
သက်သက်ခိုင်သည် ရွေးကောက်ပွဲဥပဒေပုဒ်မ၈(ဃ)ပါ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော် သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်”ဆိုသည့်ပြဌာန်း ချက်နှင့် ငြိစွန်းသဖြင့် အမတ် လောင်းစာရင်းမှ ပယ်ဖျက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းပုဒ်မသည် အကြွေးပေးဆပ်ရန် တာဝန်ရှိသူများကို ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်မပြုရန် ရည်ရွယ်သော်လည်း ငွေချေးယူထားခြင်းနှင့် အကြွေးမဆပ်ခြင်းတို့ကို ခွဲခြားထားခြင်း မရှိသောကြောင့် ဥပဒေဖွင့်ဆိုချက်၌ လိုအပ်ချက်ရှိနေကြောင်းလည်း ဆိုသည်။
မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “ဘာလို့ တခြားပါတီက ဝေဖန်ထားတာကိုပဲ PPPဝန်း ရံသူများပေ့ချ်မှာ ယူတင်ရတာလဲ။ PPPပါတီဝင်တွေက ဘာလို့ မဝေဖန်ရဲတာလဲ။ အခု သူများရေးတာကို တင်တာတောင် PPP ပါတီတရားဝင်ပေ့ချ်မှာ မတင်ဘဲ ဘာလို့ ဝန်းရံသူများပေ့ချ်မှာဘဲ တင်တာလဲ၊ ဒါကိုကြည့်ခြင်းအားဖြင့် PPP ဆိုတာ မင်းအောင်လှိုင်ကို ပြာနေအောင်ကြောက်တဲ့သူတွေကို စုစည်း ထားတာလားလို့ မေးခွန်းထုတ်ရတော့မယ်”ဟု ဆိုသည်။
အောက်တိုဘာ၂၅ရက်တွင် သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ယင်းနှင့် ပတ်သက်ပြီး သက်သက်ခိုင်ရော ပြည်သူ့ရှေ့ဆောင်ပါတီဝင်များကပါ တရားဝင်တုံ့ပြန်ခြင်း မရှိသေးပေ။
သက်သက်ခိုင်ကို အမတ်လောင်းအသိအမှတ်ပြုကတ်ပြား ထုတ်ပေးပြီးမှ အမတ်လောင်းအဖြစ်မှ ရုပ် သိမ်းခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ကြောင်းနှင့် သက်သက်ခိုင်၏ နိုင်ငံရေးအမြင်သည် စစ်တပ်နှင့်သဟဇာတရှိသူဖြစ်ပြီး စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့သူ ဖြစ်ကြောင်း ဒေါက်တာကျော်ဆွေ (တစည)ကဆိုသည်။
“ဒီဖြစ်စဉ်ဟာ အာဏာအလွဲသုံးပြုမှုသဘောတရားဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သန်းရွှေစစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူတစ်ဦးကမူ မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲကော်မရှင်ကို သီးခြားစီခွဲမြင်ခြင်းသည် ဒေါက်တာကျော်ဆွေ၏ နိုင်ငံရေးနုံအမှုဖြစ် ကြောင်း ဆိုသည်။
“ဒေါက်တာကျော်ဆွေက သက်သက်ခိုင်ကိစ္စကို ရွေးကော်လုပ်တာလို့ မြင်နေတယ်။သက်သက်ခိုင်ဆိုတာ မင်းအောင်လှိုင်ကိုယ်တိုင် မြှောက်စားခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးပါ။ အဲလိုလူတစ်ယောက်ကို အမတ်လောင်းစာရင်းကနေ ပယ်ပစ်ဖို့ဆိုတာ မင်းအောင်လှိုင်ဆုံးဖြတ်ချက်မပါဘဲ မလုပ်ဘူး”ဟု သန်းရွှေစစ်အစိုးရလက်ထက် မန္တလေးထောင်တွင် အကျဉ်းကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
သက်သက်ခိုင်ဖြစ်စဉ်သည် တရားမဝင်ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီယောင်ယောင်ပါတီများ အပေါ် ရိုက်ခတ်မှုရှိကြောင်း ၎င်းက ဆိုသည်။
“သက်သက်ခိုင်ပါတီနဲ့တော့ အဆက်အစပ်မရှိလို့ မသိဘူး။ပြည်သူ့ပါတီက အမတ်ရူးတွေကတော့ သက်သက်ခိုင် အလှဲခံရတော့ ကျွတ်သွားတယ်လို့ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သက်သက်ခိုင် ဖြစ်စဥ်အပေါ် သင်ခန်းစာထုတ်ယူရသော် ကိုယ်စားလှယ်လောင်းများအနေနှင့် အကြွေးကျေမှုအခြေအနေရှိအောင် ပြင်ဆင်ထားကြရန်လိုပြီး ရွေးကော်အနေနှင့် စိစစ်မှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်၊ ဥပဒေဖွင့်ဆိုချက်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်းလည်း ဒေါက်တာကျော်ဆွေ (တစည)ကဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ သက်သက်ခိုင်သည် ရန်ကုန်တိုင်း FPTPအမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် အမှတ် ၂ အမတ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကွန်ဒိုအိမ်ယာစီမံကိန်းများနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ ချေးထားသော ကျပ် ဘီလီယံများစွာကို ပြန်မဆပ်နိုင်သေးကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
သက်သက်ခိုင်သည် ၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီအမတ်အဖြစ် အနိုင်ရခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌ ပါတီတာဝန်များ ရပ်ဆိုင်းခံရပြီးနောက် နှုတ်ထွက်ခဲ့ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို ထူ ထောင်ခဲ့သည်။ထို့နောက် ၂၀၂၀ရွေးကောက်ပွဲဝင်ခဲ့ရာ တစ်နေရာမျှ အနိုင်မရခဲ့ပေ။
၂၀၂၀၊ဩဂုတ်လတွင် မင်းအောင်လှိုင်နှင့် ၃၄ပါတီတို့ တွေ့ဆုံခဲ့ရာ၌ အာဏာသိမ်းရန် မင်းအောင် လှိုင်ကို မြှောက်ပေးသည့်အထဲ သက်သက်ခိုင်သည်လည်း ရှေ့ဆုံးကပါဝင်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ခန့် လူကယ်ပြန်ဝန်ကြီးနှင့် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၁ မှ ၂၀၂၅၊ဇန်နဝါရီလကုန်အထိ တာဝန်ထမ်းခွင့်ရခဲ့သည်။
