စစ်ကော်မရှင်က ဆန်စပါးရောင်းဝယ်မှုကို ထိန်းချုပ်ရန် စပါးတင်း ၂၅၀၀ အထက် သိုလှောင်သူများကို မှတ်ပုံတင်ခိုင်းနေ

ဓာတ်ပုံ-လူမှုကွန်ရက်

မြန်မာနိုင်ငံရှိ ဆန်လုပ်ငန်းရှင်များ၊ ဆန်ရောင်းဝယ်သူများနှင့် လယ်ယာလုပ်ငန်းရှင်များကို ထိန်းချုပ်ရန်အတွက် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်သူများကို စစ်ကော်မရှင်က မှတ်ပုံတင်ခိုင်းနေကြောင်း စုံစမ်း သိရှိရသည်။

ဆန်တန်ချိန် ၂၅တန်နှင့် အထက် သို့မဟုတ် စပါးတင်း ၂၅၀၀ အထက်သို့လှောင်ထားသည့် ဆန်စပါးသိုလှောင်သူများအနေဖြင့်

ဆန်တန်ချိန် ၂၅ တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့်အထက်သိုလှောင်ထားသော ဆန်းစပါးသိုလှောင်ပိုင်ရှင်များအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (MyRO)တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှောက်ထားရယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“စျေးကွက်ကို လွတ်လပ်စွာ လည်ပတ်ခွင့်ပေးမဲ့အစား စျေးကွက်အပေါ် ဗဟိုက ထိန်းချုပ်လိုတဲ့ ပုံဖြစ်နေတယ်။ စျေးကွက် စီးပွားရေးကနေ ဗဟိုချုပ်ကိုင်ဖို့ လုပ်လာတဲ့ သဘောဖြစ်နေတဲ့အတွက် နောက်ပိုင်းအဖမ်းအဆီးတွေဖြစ်လာမှာကို စိုးရိမ်တယ်” ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ စပါးပွဲစားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က ကန့်သတ်လိုက်ခြင်းကြောင့် ဆန်သိုလှောင်မှု ပမာဏနှင့် စျေးနှုန်းအချက်အလက်များကို သိရှိသွားပြီး စျေးနှုန်းကန့်သတ်ခြင်းနှင့် ဆန်စပါးစျေး ကစားသူများကို အရေးယူမှုများပိုမိုပြုလုပ်လာနိုင်သည်ဟု ဆန်သိုလှောင်သူများက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံအတွင်းရှိ ဆန်စပါးရောင်းဝယ်ခဲ့သည့် လုပ်ငန်းရှင်အချို့ကို စစ်ကော်မရှင်က ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုအစီအစဉ်ကို ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။

“အစိုးက စီးပွားရေးလုပ်ငန်းတွေကို အကုန်လိုက်ကျပ်နေတာ၊ ဟိုတစ်လောက ဆန်စပါးအသင်းက လူကြီးတွေကိုဖမ်းတာလုပ်ခဲ့တယ်။ စစ်ကော်မရှင်လက်ထက်မှာ စီးပွားရေးသမားတွေကို ပိုပြီးချုပ်ကိုင်ဖို့ ကြိုးစားလာတာတွေ့ရတယ်” ဟု ပြည်တွင်း ဆန်လုပ်ရှင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ မှတ်ပုံတင်ခိုင်းခြင်းသည် ဗဟိုမှ ဆန်စျေးကွက်ကို ထိန်းချုပ်နိုင်ရန် ကြိးပမ်းသည့် အစီအမံတစ်ခုဖြစ်သည့်အတွက် စာရင်းဇယားတင်ပြရခြင်းနှင့် သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ရမည့်အချက်များကြောင့် ကုန်ကျစရိတ် ပိုများလာကာ ဆန်စျေးကွက်အပေါ် သက်ရောက်မှုများရှိလာနိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

ထို့ပြင် ကုန်သည်များက စပါးများကို စျေးလျှော့ချ ဝယ်ယူနိုင်သည့် အခြေအနေများကြောင့် တောင်သူများပေါ် သက်ရောက်မှု များစွာကြုံတွေ့နိုင်ကြောင်းလည်း စိုက်ပျိုးရေး ပညာရှင်များက သုံးသပ်ကြသည်။

ယင်းအပြင် စပါးသိုလှောင်သူများသည် စစ်ကော်မရှင်၏ စည်းမျဉ်းများကို ရှောင်ရှားရန်အတွက် သိုလှောင်ထားသည့် ပမာဏာကို လျှော့ချခြင်း သို့မဟုတ် ဖုံးကွယ်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ဆန်စပါးစျေးကွက်အတွင်း ဖြန့်ဖြူးရေးလုပ်ငန်းများ ကြန့်ကြာနိုင်ကြောင်းလည်း ဆန်စပါးလုပ်ငန်းရှင်များကဆိုသည်။