အတုအယောင်ရွေးကောက်ပွဲကို မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများ ရှိပါက တိုင်ကြားနိုင်ကြောင်း NUGအစိုးရက ထုတ်ပြန်လိုက်သည်။
မည်သူမဆို ပြည်သူလူထုကို အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်ကြောင်း NUGအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
“လက်ရှိ သိရသလောက်ဆိုရင် ရန်ကုန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အနီးဆုံးတစ်ခုက မဲစာရင်း ကြည့်ဖို့ တစ်စုံတစ်ရာခြိမ်းခြောက်တာမျိုး မတွေ့ခဲ့ရဘူး။မဲပေးဖို့ကိစ္စတော့ လောလောဆယ် စောနေ သေးလို့ စောင့်ကြည့်ရမှာပဲ။ဖြစ်လာနိုင်တယ်”ဟု လှိုင်မြို့နယ် စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူ တစ်ဦးက MPAသို့ပြောသည်။
ပြည်ခိုင်ဖြိုးပါတီကမူ ပြည်သူများ မဲထွက်မပေးရန်ကိုသာ လိုလားနေသဖြင့် စစ်ကော်မရှင်က ပြည်သူ များ မဲထွက်ပေးရန် ခြိမ်းခြောက်မည်ဟု မထင်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်ခိုင်ဖြိုးပါ တီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ပြည်သူတွေက မဲထွက်ပေးရင် ကြံ့ဖွတ်ကို မပေးမှာ သေချာတယ်လေ။ကြံ့ဖွတ်လောက် မဆိုးတဲ့ တခြားပါတီတွေ ပြည်သူ့ပါတီ တို့ဘာတို့ကို သွားပေးနိုင်တာကိုး။အဲဒါကြောင့် ကြံ့ဖွတ်က ပြည်သူတွေ မဲထွက်မပေးလေကောင်းလေပဲ။ကြံ့ဖွတ်ကျတော့ သူ့လူနဲ့သူ ရှိပြီးသား။သူ့လူတွေက သူ့ကို လာပေး ကြမှာ သေချာတယ်”ဟု ၎င်းက ပြောသည်။
အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်နှင့် ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါကNUGအစိုးရထံ သက်သေနှင့်တကွ Telegram – https://t.me/publicnugmohai သို့ တိုင်ကြားကြရန် ထုတ်ပြန်ထားသည်။
