စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ယခုနှစ် ၁၀လတာအတွင်း အမျိုးသမီး ၆၅၀ကျော် သေဆုံး ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၆၆၉ ဦးသေဆုံးပြီး ၇၁၀ ဒဏ်ရာရခဲ့ကြောင်းမြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“စစ်အာဏာရှင်တွေမှာ သူတို့သိတာက တစ်ခုတည်းပဲ။ သူတို့ မတရားရယူထားတဲ့ အာဏာ လက်မ လွှတ်ရေးပဲ။အခု ဒီနှစ်ထဲမှာ ထုတ်ပြန်နေတဲ့ စစ်တမ်းတွေကိုကြည့်လိုက်ရင် စစ်တပ်က ပြည်သူတွေ ကို ပစ်မှတ်ထားတိုက်ခိုက်တာ အများဆုံးတွေ့ရတယ်။အဓိကက လေကြောင်းတိုက်ခိုက်တာပဲ။ အောက်မှာ ကလေးပဲရှိရှိ၊အမျိုးသမီးပဲရှိရှိ၊ ဘုန်းကြီးပဲရှိရှိ ဘာမှမရှောင်ဘဲ ဗုံးကြဲချလိုက်တာချည်းပဲ” ဟု ရန်ကုန်စာပေရပ်ဝန်းမှ အမျိုးသမီးစာရေးသူတစ်ဦးက MPAသို့ ပြောသည်။
စစ်အုပ်စု တိုက်ခိုက်မှုကြောင့် ၁၀လတာသေဆုံးမှုထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး သူအများဆုံးဖြစ်ပြီး ၅၂၄ဦး သေဆုံးခဲ့သည်။
“ပစ်မှတ်ကို တိတိကျကျ ဗုံးကြဲနိုင်တဲ့ ဂျက်ဖိုက်တာနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက် ခိုက်နေတာ တွေ့ရတယ်။အခုနောက်ပိုင်း စရိတ်ချွေတာတဲ့အနေနဲ့ ပါရာမော်တာတွေ သုံးလာတယ်။ ပါရာမော်တာကျတော့ ပစ်မှတ်မတိကျဘူးဆိုတော့ မြေပြင်မှာ လူအုပ်များတဲ့အခါမျိုးမှာ ပစ်မလွဲပုံစံ ဖြစ်နေတော့ အဲဒီအခါမျိုးမှာ သုံးတာ တွေ့ရတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM လေတပ်အရာ ရှိတစ်ဦးက ပြောသည်။
၁၀ လတာအတွင်း အမျိုးသမီးအများဆုံး သေဆုံးသည့်လမှာ မေလဖြစ်ပြီး ၉၂ ဦး သေဆုံးခဲ့ကာ ယင်း ၉၂ ဦးထဲ၌ ၈၁ ဦးမှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။
အောက်တိုဘာလအတွင်း အမျိုးသမီး ၇၀ သေဆုံးခဲ့ပြီး ၈၀ ဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမ ဂ္ဂက ယနေ့ (နိုဝင်ဘာ ၇ ရက်) သတင်းထုတ်ပြန်သည်။
အောက်တိုဘာအတွင်း ထူးခြား ဖြစ်စဥ် အနေဖြင့် အောက်တိုဘာ ၆ရက်၊ ည ၈ နာရီခန့်၌ ချောင်းဦးမြို့နယ် မြောက်ခြမ်း တစ်နေရာတွင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီးထွန်း သပိတ် ကျင်းပနေစဉ် စစ်အုပ်စုက ပါရာမော်တာဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူ ၂၂ဦးသေဆုံးပြီး ၅၅ဦး ဒဏ်ရာရခဲ့သည်။
