ဂျပန်နှင့် အမေရိကန်တို့အနေဖြင့် အရေးပါသော သတ္တုဓာတ်များအတွက် တရုတ်အပေါ် မှီခိုအားထားရမှုကို လျှော့ချရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းငယ်တစ်ခုအနီး ရေပြင်တွင် ရှားပါးမြေသားသတ္တုများထုတ်ယူရန် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဆာနဲတာကာအိချိ ၏ ပြောကြားချက်အရ ဂျပန်အစိုးရသည် ဇန်နဝါရီလတွင် မင်နာမီတိုရီရှီမား ကျွန်းအနီး မီတာ ၆,၀၀၀ အနက်ရှိ ရွှံ့မြေမှ မြေရှားသတ္တုများ ပါဝင်သော ရွှံ့မြေကို ထုတ်ယူသည့် စမ်းသပ်မှုကို စတင်မည်ဖြစ်သည်။
အဆိုပါကျွန်းသည် တိုကျိုမြို့လယ်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၉၅၀ ခန့်အကွာတွင် တည်ရှိပြီး၊ ကျွန်းအနီးတွင် မြေရှားသတ္တုများ ကြွယ်ဝသော ရွှံ့မြေများ အများအပြားရှိကြောင်း စစ်တမ်းများအရ တွေ့ရှိထားသည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားသည်။
“မြေရှားသတ္တုတွေ ရရှိနိုင်တဲ့ နည်းလမ်းမျိုးစုံကို ရရှိအောင်ဆောင်ရွက်ထားဖို့ဟာ ဂျပန်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်၊ ကျွန်မတို့အနေနဲ့ မင်နာမီတိုရီရှီမားကျွန်းအနီး ရေပြင်မှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့ နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားသွားပါမယ်” ဆာနဲတာကာအိချိက နိုဝင်ဘာ ၆ ရက်တွင် ပါလီမန်၌ ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံရာမှ မြေရှားသတ္တု ဆိုင်ရာ သဘောတူညီချက်သည် အဓိကရလဒ်တစ်ရပ်ဖြစ်ခဲ့ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ချစ်ပ်များ၊ လျှပ်စစ်ကားများနှင့် လက်နက်များအပါအဝင် ကုန်ပစ္စည်းများစွာ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အရေးပါသည့် အဆိုသတ္တုဓာတ်များကို တရုတ်နိုင်ငံက အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အသုံးချခဲ့သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲတွင် အရေးပါသည့်ကိစ္စဖြစ်လာခဲ့သည်။
အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင် ဂျပန်သည် မြေရှားသတ္တုများအတွက် တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရပြီး တရုတ်နိုင်ငံက တင်ပို့မှု ဖြတ်တောက်ပါက ဂျပန်၏ အဓိကလုပ်ငန်းများ ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
အမေရိကန်နှင့် အခွန်ကိစ္စဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သည့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး ရိုဆေးအာကာဇာဝါက တရုတ်နိုင်ငံ၏ ရှားပါးမြေသားသတ္တုတင်ပို့မှု ထိန်းချုပ်ရေးသည် ဂျပန်၏ ကားထုတ်လုပ်ရေးလုပ်ငန်းကို ရပ်တန့်စေရန် အသုံးပြုခံရနိုင်သည်ဟု ပြီးခဲ့သည့်လက သတိပေးခဲ့သည်။
