အမှန်တရားကို ထောင်ချထား၍မရဟု ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ဆို

ဓာတ်ပုံ-AFP
ပုံစာ- ၂၀၁၁ခုနှစ်၊ဇူလိုင်၇ရက်က ပုဂံမြို့ဈေးတစ်ဈေးတွင် ပြည်သူကို နှုတ်ဆက်နေသော ဒေါ်အောင် ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ်

အမှန်တရားကို ထောင်ချထား၍မရဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောကြားလိုက်သည်။

နိုဝင်ဘာ၇ရက်က Time တွင် ဖော်ပြထားသည့် ၎င်းရေးသားထားသော “Burma Must Release My Mother and All Political Prisoners Before Holding Elections” ကို မျှဝေကြရန် ကင်မ်အဲရစ်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှနေ၍ တိုက်တွန်းရာ၌ အထက်ပါအတိုင်း ရေးသားထားသည်။

“စစ်အာဏာရှင်ဟာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေကို အသံတိတ်အောင် လုပ်နေတယ်။ ထောင်ချနေတယ်၊ သတ်ဖြတ်နေတယ်။ ဒါပေမဲ့၊ မြန်မာပြည်သူတွေက အလျှော့မပေးကြဘူး။

သူတို့ရဲ့ သတ္တိဟာ ကျနော့်ကို နေ့တိုင်း သတိပေးနေပါတယ်”ဟု ကင်မ်အဲရစ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများစွာကို မတရားအကျဉ်းချထားနေချိန်တွင် ပြုလုပ်မည့် မည်သည့်ရွေးကောက်ပွဲမှ တရားမဝင်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ကင်မ်အဲရစ်ရေးသော ဆောင်းပါးထဲတွင် အသက်အရွယ်ကြီးပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၌ ကျန်းမာရေးပြဿနာများရှိနေပြီး မည်သည့်နေရာ၌ ထိန်းသိမ်းထားမှန်းပင် မသိဖြစ်နေကြောင်း စစ် ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ကမ္ဘာကြီးက တိတ်ဆိတ်မနေသင့် ကြောင်း စစ်တပ်သည် လူပေါင်း၆၀၀၀ကျော်ကို သတ်ဖြတ်ကာ နိုင်ငံရေးအကျဉ်းသား၂၂၀၀၀ကျော် အကျဉ်းချခံထားရဆဲဖြစ်ပြီး အကြမ်းဖက်စစ်ဆင်ရေးကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလည်း တစ်ခုမျှ လိုက်နာမှုမရှိကြောင်း မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် စစ်တပ်နှင့်ဆက်စပ်သော လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ် အောက်၌ ရာဇဝတ်ကွန်ရက်များ ထွန်ကားလာပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံ ဖြတ်ကျော် ဆိုင်ဘာလိမ်လည်မှုများ လုပ်ဆောင်နေကာ လိမ်လည်မှုစင်တာများက မြန်မာစစ်တပ် သွေးစွန်းစစ်ပွဲများ ဆက်လက်ဆင်နွှဲနိုင်ရန် ဘီလီယံပေါင်းများစွာ ပံ့ပိုးပေးနေကြောင်း နိုင်ငံရေးအ ကျဉ်းသားများအားလုံး လွတ်မြောက်ပြီး လုံခြုံမှုမရှိမချင်း ၎င်း(ကင်မ်အဲရစ်)အနေနှင့် ဆက်လက် တောင်းဆိုလှုပ်ရှားနေဦးမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်။

ယင်းဆောင်းပါး ရေးသားရခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အရာများကို ကမ္ဘာကြီး နား လည်စေလို၍ဖြစ်ပြီး ၎င်း၏ ဆောင်းပါးကို ဖတ်ပေးကြရန်နှင့် မျှဝေပေးကြရန်လည်း ကင်မ်အဲရစ်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ တိုက်တွန်းထားသည်။