ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်၊ ပိုင်ကျုံမြို့၊ မော်ဖိုးကေဒေသရှိ လယ်မြေများတွင် ကျားဖြန့်လုပ်ကိုင်ရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ ၊ ကရင်နယ်ခြားစောင့်တပ် BGF က လယ်တစ်ဧက ဘတ်သိန်းချီပေးပြီး လိုက်လံဝယ်ယူနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
BGF သည် စစ်ကော်မရှင် ပူးပေါင်းပြီး မြ၀တီမြို့နယ်ရှိ KKPark စီမံကိန်းကို အဖျက်ပြပြီးနောက် ကျားဖြန့်လုပ်ငန်းပြန်လည် လုပ်ကိုင်ရန် နေရာတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာမှာ မော်ဖိုးကေဒေသဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“ဒီလပထမပတ်က စပြီးတော့ မော်ဖိုးကေမှာ BGF တွေမြေလိုက်ဝယ်နေတာ၊ အဲ့ဒီနေရာက ထိုင်းနဲ့ ဟိုဘက်ကမ်းဒီဘက်ကမ်း မယ်လဒုက္ခသည် စခန်းနဲ့နီးတယ်။ မယ်လဒုက္ခသည် စခန်းကတော့ ထိုင်းဘက်အခြမ်းမှာ” ဟု ၎င်းက ပြောသည်။
လက်ရှိ BGF လိုက်လံဝယ်ယူနေသည့် လယ်များတွင် တောင်သူများစိုက်ပျိုးထားသည့် သီးနှံများရှိနေပြီး ၎င်းတို့ကို ရောင်းချပြီးပါက စိုက်ပျိုးထားသည့် သီးနှံများကို ချက်ခြင်း ဖျက်ဆီးကြောင်း သိရသည်။
“ KKPark ကို ဝင်စီးပြတယ။ ပြီးတော့ ကျားဖြန့်စင်တာတွေမှာရှိတဲ့ လူတွေကို နှင်ထုတ်ပြီး စကစနဲ့ ပေါင်းပြီး အဖျက်ပြတယ်။ အခု ကျတော်တို့ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို အဆမတန်စျေးပေးပြီး လိုက်ဝယ်ယူနေတယ် “ဟု မော်ဖိုးကေဒေသရှိ တောင်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ BGFက လယ်မြေများလိုက်လံဝယ်ယူနေမှုမှာ ဧကရာဂဏန်းမဟုတ်ဘဲ ထောင်ဂဏန်းအထိ လိုက်လံဝယ်ယူနေခြင်းဖြစ်သည်။
” ဧကတစ်ထောင်လောက်ဝယ်မယ်ပြောတယ်။ တစ်ဧကကို ဘတ်တစ်သိန်းကနေ ၂ သိန်းလောက်ထိပေါက်တယ်။ တချို့လယ်ပိုင်ရှင်တွေက ရောင်းချပြီးတာရှိသလို တချို့ကလဲ စဉ်းစားနေကြတုန်းပဲ၊ တော်တော်များများတော့ရောင်းချပြီးကုန်ပါပြီ ” ဟု မော်ဖိုးကေဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က စစ်ကော်မရှင်နှင့် BGF တပ်ဖွဲ့တို့သည် KKPark စီမံကိန်းအတွင်းရှိ အဆောက်အအုံများကို စတင် ဗုံးဖောက်ဖျက်ဆီးမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်မှုမှာ ဟန်ပြသာဖြစ်ကာ ကျားဖြန့်လုပ်ငန်းများ ပျောက်ကွယ်နိုင်ခြေမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်အချို့က သတင်းမီဒီယာများကို ပြောကြား ထားသည်။
လက်ရှိ KKPark အတွင်းရှိ အဆောက်အအုံများကို စစ်ကော်မရှင်နှင့် BGF တို့က နိုဝင်ဘာ ၈ရက်နေ့အထိ ဆက်လက်ဖျက်ဆီးမှုများ ပြုလုပ်နေသော်လည်း ယင်းစီမံကိန်းအတွင်း အလုပ်လုပ်ကိုင်ခဲ့သည့် ကျားဖြန့်ခေါင်းဆောင်နှင့် အလုပ်သမားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။
