မူပိုင်ခွင့် ပြဿနာများ ထပ်မံဖြစ်လာပြီးနောက် Idiots Band ကို အပြီးတိုင် ဖျက်သိမ်း

ဓာတ်ပုံ-Idiots Band

မြန်မာပြည်၏ အကောင်းဆုံးသော ရော့ခ်ဂီတ အဖွဲ့များထဲမှ တစ်ခုဖြစ်သည့် Idiots Band သည် ပင်တိုင် အဆိုတော် ရေမွန် ကွယ်လွန်အပြီး လေးနှစ်ကျော်အကြာတွင် မူပိုင်ခွင့် ပြဿနာများ ထပ်မံပေါ်ပေါက်လာပြီးနောက် Band အား အပြီးတိုင် ဖျက်သိမ်းမည် ဖြစ်ကြောင်း ဒရမ်မာ ကိုဂျပန်က အသိပေးလာခဲ့သည်။

“အရင်ဘာမှမရှိ စုတ်ပြတ်သတ်ဖူးခဲ့တဲ့ကောင်အနေနဲ့ ဘာမှထွေထွေထူးထူး ခွေးရူးတွေအရိုးလုသလို၊ မာန်မဖီတတ်တာ အရင်ကထဲကအကျင့်ပါနေတော့ ဆက်ပြီး အာရုံနောက်ရမှာကိုမကြိုက်တော့တဲ့အတွက် အားလုံးစွန့်လွတ်ကြတော့မှာပါ” ဟု Idiots Band ၏ ဒရမ်မာ ကိုဂျပန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ အသိပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန် ၂၃ ရက် တွင် Idiots Band ၏ ပင်တိုင် အဆိုတော် ရေမွန် ကွယ်လွန်ခဲ့ပြီးနောက် Band နှင့် ပတ်သတ်သည့် မူပိုင်ခွင့် ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး ရေမွန်၏ မိခင် ဖြစ်သူက ရေမွန် ရေးသား သီဆိုထားသမျှအားလုံးအား သူမ ထံ ခွင့်တောင်းပြီးမှ အသုံးပြုရမည်ဟု ကြေညာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် Idiots Band သည် နှုတ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲအပြီး နှစ်ပတ်ကြာသည်ထိ အနုပညာကြေးများ မရသဖြင့် ရေမွန်၏ မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် အဆိုပါ ကိစ္စအား အသိပေးတင်ပြခဲ့သည်။

အဆိုပါ ဖြစ်စဥ်တွင် ပွဲစီစဥ်သူ 9 Palanets Production တည်ထောင်သူ ကိုသက်ဖုန်းနိုင်က ရေမွန်၏ မိခင်အား ပေးမည်ဟု နှုတ်ကတိပြုထားသည့် အနုပညာကြေးများ မပေးခြင်းဟု သိရသည်။

“Raymond ဟာမိုးပေါ်က အလိုလိုကျလာတဲ့ နတ်တစ်ပါး မဟုတ်ဘူး။ သားမရှိတော့ချိန်. သူ့အမေက သူစိုက်ပျိုးခဲ့တဲ့သူ့သားရဲ့ အသီးအပွင့်ကိုစားပါစေလား၊ မဆိုင်သူတွေတောင် အလုအယက် အဝအလင် စားသုံး နေကြသေးတာပဲ၊ ဘာတွေမနာလိုဖြစ်မကျေမနပ်ဖြစ်နေကြပါလိမ့် ” ဟု ရေမွန်၏ မိခင် ဒေါ်ခင်မြတ်မွန်က ဆိုထားသည်။

Idiots အမာခံ ပရိသတ်များက အနုပညာကြေးမရခြင်းအတွက် ပွဲစီစဥ်သူ အပေါ် အပြစ်တင်ခဲ့ကြသော်လည်း Idiots Band ၏ မူပိုင်ခွင့်အား ရေမွန်၏ မိခင်က ရယူထားလိုခြင်း အပေါ် အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

“ဘာပဲဖြစ်ဖြစ် Band နဲ့ပတ်သက်တာ Band Members တွေနဲ့ ဆိုင်တယ်လို့ မြင်တယ်။ Band ရဲ့ဖြစ်တည်မှုတွေအားလုံးကို Band Members တွေက ဆုံးဖြတ်သင့်တာပါ၊ ကျေးဇူးတရားဆိုတာက လိုချင်ရာဆွဲသုံးတဲ့စကားလို့ မြင်ပါတယ်” ဟု Idiots အမာခံ ပရိသတ် တစ်ဦးက ဆိုသည်။

ထို့အတူ အခြား အမာခံ ပရိသတ်တစ်ဦးကလည်း” ကိုတွတ်ပီ ရေးဆိုထားတွေ သူက အမေမိုလို့ ပိုင်တယ်ပြောရင် Idiots သီချင်းတွေထဲက ဂီတနဲ့ ပတ်သတ်တဲ့ အခြား arrangement တွေ အကုန် ယူမသုံးစေနဲ့ လုပ်ပစ်ရမှာ။ သူတို့ သားအမိ နောက်ပိုင်း အဲ့သီချင်းတွေ ယူသုံးရင် စာသားကြီးပဲ ဆိုကြပါစေ သုံးကြပါစေပေါ့ဗျာ၊ Band ပါဆိုမှ vocalist က ပဲ အဓိကကျတယ် ထင်တာကြီးက သူ့လို ဂီတသမားတစ်ယောက်အတွက် ရှက်စရာကြီး” ဟု ပြောသည်။

ယနေ့ ( နိုဝင်ဘာ ၉ရက်)၊ နံနက်ပိုင်းက ဒရမ်မာ ကိုဂျပန်၏ အသိပေးထားမှုတွင် Idiots Band နှင့် ပတ်သက်သမျှအား ရေမွန်၏ မိသားစုထံ ပေးအပ်လိုက်တော့မည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

“ကျတော်တို့လဲဆက်ပြီး idiots နံမည်နဲ့ idiots သီချင်းတွေ(ကျတော့်သီချင်းမပါ)ကိုလုံးဝမပတ်သက်တော့ပါဘူး။ ဖိုးလုံးလဲသူ့မိသားစုနဲ့စကားပြောပြီး Raymond မိသားစုကိုပေးစရာရှိတဲ့ပိုက်ဆံပေးဖို့လုပ်နေပါတယ်(ဖိုးလုံးစိုက်ထုတ်ပြီး)။ ကျတော်တို့ ချစ်ရတဲ့Idiots ဆိုတဲ့(logo design )ကို ရင်ထဲအမှတ်တရသိမ်းထားပြီး ကျတော်တို့အားလုံးနုတ်ဆက်လမ်းခွဲလိုက်ပါပြီ၊ page ကနေတရားဝင်အဖြစ် မကြာခင်တင်ပေးသွားပါမယ်”ဟု ကိုဂျပန်က ဆိုထားသည်။

Idiots Band သည် ၂၀၀၅ ခုနှစ်က စတည် တည်ထောင်ခဲ့ပြီး လူအဂီတ နှင့် ခေတ်သစ်ကျောက် တေးစီးရီး နှစ်ခုအပါအဝင် တေးသီချင်း အများအပြား ထွက်ရှိထားခဲ့သည်။

၂၀၂၁ခုနှစ် ဇွန် ၂၃ ရက်တွင် ရေမွန် ကွယ်လွန်ခဲ့သဖြင့် Idiots Band သည် ၄င်းတို့ ထွက်ရှိရန် ကျန်သေးသည့် တတိယတေးစီးရီ “အတက်” ထွက်ရှိရန် ကြန့်ကြာနေရာမှ ယခု Band ဖျက်သိမ်းရန် ဖြစ်လာသဖြင့် အဆိုပါ တတိယတေးစီးရီး ထွက်ရှိနိုင်မည် မဟုတ်တော့ဟု သိရသည်။