ပေါ်တာဆွဲ ငွေညှစ် မူးယစ်ဆေးလည်း ရောင်းနေသည့် ပျူခေါင်းဆောင်နှင့်တပည့် ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ - ဒိုက်ဦးမြို့လေးကို ချစ်တဲ့သူများဆုံဆည်းရာ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်း ပေါ်တာဆွဲ ငွေညှစ်ပြီး မူးယစ်ဆေးလည်းရောင်းနေသော ပျူစောထီးခေါင်းဆောင်နှင့် တပည့်ကို PDFတို့ ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၈ရက်၊ မွန်းလွဲ ၃နာရီ ၄၅ မိနစ်တွင် ဒိုက်ဦးမြို့၊ ဒရယ်မီးလမ်းဆုံ မီးပွိုင့်နားရှိ ကွမ်းယာဆိုင် အနီး၌ ညောင်လေးပင်မြို့နယ်၊စည်ပင်ရွာအုပ်ချုပ်ရေးမှူး တဖြစ်လဲ ပျူစောထီးခေါင်းဆောင် မင်းမင်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ညနေ ၅နာရီ ၂၅ မိနစ်ခန့်၌ ပျူစောထီး ငမျိုးအား စည်ပင်ကျေးရွာ၊ ဝိသဖန်းအင်းမှ မျှားခေါ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း 9 Stars Underground Force, Bago Region ထံက သိရသည်။

” မင်းမင်းဦး ကို ခန္ဓာကိုယ်ကို သုံးချက်နဲ့ ဦးခေါင်း နှစ်ချက် ပစ်ခဲ့တာပါ။ ငမျိုးက ခန္ဓာကိုယ်ကို တစ်ချက်၊ ခေါင်းကို တစ်ချက်ပါ။ ငမျိုးက ကိုယ့်လူပုံစံအသွင်ယူချဥ်းကပ်ပြီး တော်လှန်ရေးအင်အားစု တွေရဲ့သတင်းကို မြေပြင်ထိ ဆင်းပြီးသတင်းယူနေတဲ့သူမို့ မျှားခေါ်ထုတ်ဖို့က လွယ်ကူတာပေါ့။ သူ့ကိုက အချိန်မရွေးလုပ်လို့ရမှန်းသိလို့ သူ့ဆရာကို မြို့ထဲထိ ဝင်ပြီး အရင်ရှင်းထုတ်ပြီးမှ သူ့ကို ခေါ်ပြီး ရှင်းပစ်ခဲ့တာပါ ” ဟု 9 Stars Underground Force, Bago Region အဖွဲ့ခေါင်းဆောင် ကိုမြွေပွေးက MPA ကို ပြောသည်။

၂၀၂၅ ခု၊ ဇန်နဝါရီ ၁၄ ရက်ကလည်း ပျူစောထီးခေါင်းဆောင် မင်းမင်းဦးကို ပစ်ခတ်ခဲ့သော်လည်း အူထွက်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူခဲ့ရာမှ ပြန်လည် ကောင်းမွန်လာခဲ့ပြီး စည်ပင်ကျေးရွာတွင် မနေတော့ဘဲ ဒိုက်ဦးမြို့၊ ဒရယ်မီးလမ်းဆုံ မီးပွိုင့်အနီး၌ အိမ်ဝယ်၍ နေထိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းဦးသည် စစ်တပ်အရာရှိနှင့် ပူးပေါင်းကာ စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီး ငွေညှစ်နေ သည့် အပြင် မူးယစ်ဆေးဝါးလည်း ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

” ပြည်သူကို ဘယ်လိုဒုက္ခပေးလဲဆိုတာကတော့ပြောရင်တစ်နေကုန်လဲပြီးမှာမဟုတ်ဘူးဗျ။ တပ်နဲ့ပေါင်းပြီး စစ်မှုထမ်း ပေါ်တာဆွဲတာ၊ ငွေကြေးကောက်ခံတာ၊ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ မင်းမင်းဦး က ခုဆို စိတ်ကြွမူးယစ်ဆေးတွေပါ ဖြန့်ဖြူးရောင်းချနေသူပေါ့။ မင်းမင်းဦး အလောင်းတော့ ဖြစ်ပြီး နာရီပိုင်းအတွင်းလာကောက်သွားတယ်။ ငမျိုးအလောင်းတော့ သူတို့ လာမကောက်နိုင်လောက်ဘူး။ မင်းမင်းဦး ကိုက သူနေတဲ့ရွာ စည်ပင်ကို အလောင်းပြန်သယ်မယ်လို့တော့သတင်းကြားထားတယ်။ နာရေးကတော့ မလုပ်သေးဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းတို့နှစ်ဦးကို ရှင်းလင်းရန် အချိန် ၂၃ ရက် ယူခဲ့ရကြောင်းလည်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအတွင်း ဒိုက်ဦးမြို့၌ စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဒိုက်ဦးမြို့နှင့် ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာသည် ၁၄မိုင်ခန့် ကွာဝေးသည်။