စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးကြောင်း စစ်ကော်မရှင်က ဝါဒဖြန့်လှည့်ဖြား လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည်။
စစ်ကော်မရှင်သည် စစ်မှုထမ်းသင်တန်းသား ခက်ခက်ခဲခဲ ဖမ်းဆီးစုဆောင်းနေရမှုကို လျှော့ချနိုင်ရန် နှင့် ပြည်သူလူထုကို လှည့်စားစည်းရုံးရန်အတွက် စစ်မှုထမ်းကာလ ပြည့်မြောက်သူများအား နှုတ်ထွက်ခွင့်ပေးနေကြောင်း ပုံဖော်လာခြင်းဖြစ်သည်ဟု MDSI ကဆိုသည်။
“သူတို့(စစ်ကော်မရှင်)သတင်းထုတ်ထားတာတွေ့လို့ ဖတ်ကြည့်တော့ ပစ(စစ်မှုထမ်းတပ်သား) ဘယ်နှစ်ယောက်ကို စစ်တပ်ထဲကနေ နှုတ်ထွက်ခွင့်ပြုသလဲဆိုတာ မပါဘူး။ဘယ်လိုသတ်မှတ် ချက် တွေပြည့်မီလို့ နှုတ်ထွက်ခွင့်ပြုသလဲဆိုတာ မပါဘူး။ဆိုတော့ စစ်တပ်နဲ့ပတ်သက်တဲ့ လေး၊ငါး၊ ဆယ် ယောက်လောက်ကို နှုတ်ထွက်ခိုင်းပြီးတော့ ဝါဒဖြန့်တဲ့သဘောပါပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းတပ်သားများအနက် စစ်မှုထမ်းကာလ သုံးပုံတစ်ပုံ လျှော့ပေါ့ခွင့်ရရှိ သည့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်သူများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်ခဲ့ ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအရ ဂုဏ်ပြုငွေ ကျပ် ၂သိန်းချီး မြှင့်ကြောင်း တွေ့ရသည်။
စစ်မှုထမ်းတပ်သားအင်အားကို အသုံးချပြီး နိုင်ငံ့အနှံ့ ထိုးစစ်နေသော စစ်တပ်သည် ‘စစ်မှုထမ်း ကာလ ပြည့်မြောက်ပါက နှုတ်ထွက်ခွင့်ရမည်၊ အလုပ်အကိုင် ရရှိအောင် လုပ်ဆောင်ပေးမည်’ ဟူသော ပုံဖော်သတင်းစကားများဖြင့် လူငယ်လူရွယ်များကို စည်းရုံးစုဆောင်းနိုင်ရန် ဝါဒဖြန့်လှည့် ဖြားလာခြင်းဖြစ်ကြောင်း MDSI က ဆိုသည်။
“မအလ တို့အနေနဲ့ ထုတ်ပြန်သင့်တာကတော့ တိုက်ပွဲတွေမှာ ပစ တွေ ဘယ်နှစ်ယောက်သေသွား ပြီ လဲဆိုတာနဲ့ သေဆုံးပစ တွေကို အမှန်တကယ် လျော်ကြေးငွေ ပေး၊မပေးဆိုတာပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိက ဆက်လက်ပြောသည်။
လက်ရှိတွင် စစ်တပ်သည် လစဉ် စစ်မှုထမ်းသင်တန်းသား ပြည့်မီစွာရရှိအောင် နိုင်ငံအနှံ့ လူဖမ်းပွဲများပြုလုပ်ကာ အဓမ္မစုဆောင်းလျက်ရှိပြီး ရှေ့တန်းစစ်မြေပြင်တွင် လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်းကြောင့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူအများစုသည် စစ်မှုထမ်းတပ်သားများ ဖြစ်ကြောင်း MDSI က ဆိုသည်။
နှုတ်ထွက်ခွင့်ရသူများကို ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးမည်ဟုလည်း စစ်ကော်မရှင်က ဝါဒဖြန့်ထားသည်။
