မြန်မာနိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ၂၀၂၀ ခုနှစ် Civil Rights Defender of the Year Award (လူ့အခွင့်အရေးကာကွယ်သူဆု)ဆုရှင်ဖြစ်သူ ဒေါ်နော်အုန်းလှသည် စစ်ကောင်စီမှ စီစဉ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်မှုကို ယမန်နေ့( နိုဝင်ဘာ ၁၃ရက်)က ရေဒီယိုနှင့် ရုပ်မြင်သံကြာအစီအစဉ်မှ ဟောပြောတင်ဆက်မှုပြုလုပ်ခဲ့သည်။
ဒေါ်နော်အုန်းလှသည် နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပြီး မြေယာအခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် အကြိမ်ပေါင်းများစွာ ထောင်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ သူမသည် ၂၀၂၀ ခုနှစ်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် ဆွီဒင်အခြေစိုက် Civil Rights Defenders အဖွဲ့မှ ချီးမြှင့်သော Civil Rights Defender of the Year Award ကို ရရှိခဲ့သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူမဦးဆောင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် စစ်ကောင်စီ၏ ပေါ်လစီသစ်ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
“မနေ့က သူ့ရုပ်ကြီးကို မြန်မာ့အသံမှာ မြင်တော့မှ ရွေးကောက်ပွဲဝင်မယ်ဆိုတာကိုသိရတာ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေကို သူတော်လှန်ခဲ့တာ၊ အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောရဲခဲ့တဲ့သူ ဘယ်လိုဖြစ်ပြီးတော့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်လဲ စဉ်းစားမရတော့ဘူး။ အခုလိုဖြစ်တော့ သူ့ပါတီရဲ့ Facebook Pageကို ဝင်ကြည့်တော့လဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ တင်ထားတာကိုမတွေ့ရဘူး။ ဘယ်လိုအခြေအနေတွေရှိနေလဲတော့မသိဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေါ်နော်အုန်းလှ၏ ပါတီသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများကို ဖော်ပြခွင့်ရရှိနေပြီး၊ ၎င်းသည် စစ်အုပ်စုက ဖန်တီးမည့် ရွေးကောက်ပွဲယန္တရားတွင် ပါဝင်မည်ဟု တရားဝင် အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
နှစ်ရှည်လများ ဒီမိုကရေစီဘက်မှ ရပ်တည်ခဲ့သည့် ဒေါ်နော်အုန်းလှ၏ ယခုဆုံးဖြတ်ချက်သည် နွေဦးတော်လှန်ရေးကို ထောက်ခံသူများအကြား ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိဘဲ နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်ဟု ယူဆထားကြသည့်အပြင်၊ ပါဝင်ယှဉ်ပြိုင်သည့် မည်သူမဆိုသည် စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် လုပ်ဆောင်ပေးသူ (Legitimizer) များ ဖြစ်လာမည်ဟု ဝေဖန်သူများက ထောက်ပြနေကြသည်။
“ဒီမိုကရေစီအတွက် ဂုစ်ပြုဆုတွေရရှိခဲ့တဲ့သူ တစ်ဦးက စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပါတာဟာ သူ့ရဲ့ ရပ်တည်ချက်နဲ့ စံနှုန်းတွေကို မေးခွန်းထုတ်ရပါလိ့မ်မယ်။ ပါတီဖျက်ခံရမှာမို့လို့ ရွေးကောက်ပွဲဝင်ပြိုင်တာဆိုပြီး ပြန်ချေပလို့ရပေမဲ့ အသက်တွေပေးခဲ့တဲ့သူတွေ၊ ထောင်ထဲမှာ နှစ်ရှည်ထောင်ကျခံနေရတဲ့သူတွေကိုတော့ မျက်နှာပြန်ကြည့်သင့်တယ်။ သမိုင်းမှာ ဘယ်လိုပဲ အနစ်နာခံခဲ့ခံခဲ့ စစ်တပ်ရွေးကောက်ပွဲကို ဝင်တာဟာ ပြည်သူကို သစ္စာဖောက်တာပဲ” ဟု အညာဒေသမှ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ နိုင်ငံရေးမှူးက ပြောသည်။
နော်အုန်းလှသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီးကတည်းက နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သူဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ အစာငတ်ခံ ဆန္ဒပြခြင်းများစသည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကြောင့် စစ်အာဏာရှင်များ၏ အကြိမ် ၂၀ ကျော်ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၀ကြိမ်ထက် မနည်းထောင်ဒဏ်ချမှတ်ခဲ့ရသူလည်း ဖြစ်သည်။
” နော်အုန်းလှလိုမျိုး လူ့အခွင့်အရေးဆိုင်ရာ ဆုတွေ (Civil Rights Defender of the Year Award) ရရှိခဲ့တဲ့၊ အတိတ်မှာ စစ်အစိုးရအဆက်ဆက်ကို ဆန့်ကျင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက စစ်ကော်မရှင်က စီစဉ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ပါဝင်တာဟာ နိုင်ငံရေးအရ အလွန် ရှုပ်ထွေးပြီး သုံးသပ်စရာများစွာ ရှိတဲ့ အခြေအနေတစ်ခုပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
နော်အုန်းလှသည် ၂၀၂၀ တွင် NLD ပါတီက နုတ်ထွက်သည်ဟု တရားဝင်ကြေညာခဲ့ပြီး တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ကို တည်ထောင်ကာ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။
UNDP ပါတီကို တည်ထောင်စဉ်က ပါတီ၏ အထွေထွေအတွင်းရေးမှူးရာထူးကို ရယူထားခဲ့သော်လည်း လက်ရှိတွင် ပါတီဒုဥက္ကဌ နေရာကို နော်အုန်းလှက ရယူထားပြီး ၎င်းပါတီအတွက် မဲဆွယ်စည်းရုံးဟောပြောမှုကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“လူ့အခွင့်အရေး ဆုရှင်တစ်ဦးက စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ပါဝင်တာဟာ စစ်အာဏာရှင်ကို တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားတယ်။ အဲ့ဒါကြောင့် နော်အုန်းလှက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံရတော့မှာပါ” ဟု အသက် ၃၀ အရွယ် နိုင်ငံရေးသိပ္ပံလေ့လာနေသူတစ်ဦးက ပြောသည်။
နော်အုန်းလှ ရရှိထားသည့် Civil Rights Defender of the Year Award ဆုသည် အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ ဖိနှိပ်မှုများကြားမှ သတ္တိရှိရှိဖြင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နေသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြု ချီးမြှင့်သော ဆုတစ်ခုဖြစ်ပြီး လက်ရှိ စစ်ကော်မရှင်နှင့် ပူးပေါင်းခဲ့သည့်အတွက် ယင်းဆုကိုပေးအပ်သည့် ဆွီဒင်အခြေစိုက် Civil Rights Defenders အဖွဲ့အနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
ယင်းအပြင် ဒီမိုကရေစီအတွက် တိုက်ပွဲပါဝင်ခဲ့သည် နော်အုန်းလှသည် အတုအယောင်ရွေးကောက်ပွဲ၌ ပါဝင်လာမှုသည် စစ်ကော်မရှင် ဝါဒဖြန့်ချီနိုင်ရေးအတွက် အသုံးပြုရန် အကောင်းဆုံး အခွင့်အရေးဖြစ်သွားကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
နော်အုန်းလှ၏ ယခုဆုံးဖြတ်ချက်သည် နှစ်ပေါင်းမျာစွာ တိုက်ပွဲဝင်ခဲ့သည့် လူ့အခွင့်အရေး လမ်းစဉ်မှ သွေဖယ်ပြီး အာဏာရှင်စနစ်အောက်မှ နိုင်ငံရေးလက်တွေ့ဘ၀ကို ရွေးချယ်ခြင်းသည် အလွန်ဆိုးရွားသော ရွေးချယ်မှုဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံ လေ့လာသူနေသူက ပြောသည်။
