ရန်ကုန်တောင်ပိုင်ခရိုင်၊သန်လျင်မြို့နယ်၊ကုလားဝဲတံတားတိုးဂိတ်အကျော်တွင် သာကေတလူမိုက် ပြုလုပ်နေသော ကြေးကြီးကြက်ဝိုင်းကို စစ်သားနှင့်ရဲ တို့က အရပ်ဝတ်ဖြင့် လုံခြုံရေးယူပေးနေ ကြောင်း သိရသည်။
ယင်းကြက်ဝိုင်းကို သာကေတပျူစောထီးခေါင်းဆောင်လူမိုက်ဝင်းထွဋ်ဝင်းနှင့် သန်လျင်ဘုရားကုန်း ကျေးရွာ လောင်းကစားဒိုင်ချုပ် နိုင်လင်းထွန်း(ခ)ဝက်ကလေးတို့ ပူးပေါင်းပြီး တစ်ပတ်လျှင် ၆ရက် ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ သန်လျင်မီဒီယာက ဖော်ပြသည်။
“စစ်ကြောင်းမှူးဟန်ထူးညီ(သန်လျင်မြို့နယ်စစ်ကြောင်းမှူး)နဲ့ သန်လျင်မြို့မစခန်းမှူး ကြည်စိုးသန့် က လိုင်းကြေးယူပြီး လုပ်ပိုင်ခွင့်ပေးထားတာပါ”ဟု သန်လျင်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ကြက်ပွဲတစ်ပွဲလျှင် အနိမ့်ဆုံး လောင်းကြေး ကျပ်သိန်း၂၀မှ သိန်းရာဂဏန်းထိရှိပြီး ကြက်ပွဲကောင်း လျှင်ကောင်းသလို လောင်းကြေးလည်းကြီးကြောင်း သိရသည်။
“အဲဒီကြက်ဝိုင်းကို မရောက်ဖူးဘူး။ရောက်ဖူးတဲ့သူငယ်ချင်းပြောပြတာက ပေါ်တင်ပဲလုပ်တာ။ဘယ် သူမှ မထိရဲဘူး။စစ်သားတွေ လုံခြုံရေးယူ၊မယူတော့ မသိဘူး။သန်လျင်ရဲတွေကတော့ အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးနေတာ သွားတဲ့သူတွေ တွေ့လို့ သိရတယ်။လုံခြုံရေးတွေကို ကောင်းကောင်းကျွေးပြီး မုန့်ဖိုးကောင်းကောင်းပေးလို့ စခန်းမှူးက သူ့တပည့်တွေပဲ လွှတ်တယ်လို့ ပြောကြတယ်”ဟု သန်လျင်မြို့၊အောင်ချမ်းသာရပ်ကွက်နေ အသက်၃၅နှစ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းကြက်ဝိုင်းကို လူနေရပ်ကွက်အတွင်း ပြုလုပ်ခြင်းဖြစ်သော်လည်း လူမိုက်နှင့် အာဏာပိုင်တို့က အန္တရာယ်ပြုမည်စိုးသဖြင့် မည်သူမျှ မတိုင်ရဲကြကြောင်း သန်လျင်မီဒီယာထံက သိရသည်။
သန်လျင်တွင် ပျူစောထီးလူမိုက်တို့က အာဏာပိုင်တို့ထံ လစဉ် လိုင်းကြေးပေးကာ ကြက်ဝိုင်း၃ဝိုင်း ဖွင့်ထားပြီး ကုလားဝဲတံတားအနီးရှိ ကြက်ဝိုင်းမှာ အကြီးဆုံးဖြစ်သည်။
ဒုတိယလူစည်သော ကြက်ဝိုင်းမှာ အုတ်ဖိုစုဘူတာအနောက်တွင် လူမိုက်မြင့်ခိုင်ဖွင့်ထားသော ကြက် ဝိုင်းဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်ထဲ၌လည်း ကြက်ဝိုင်းတစ်ဝိုင်းရှိသေးကြောင်း သန်လျင်မီဒီယာမှ တာဝန်ရှိသူက ပြောသည်။
ဘုရားကုန်ကျေးရွာ လောင်းကစားဒိုင်ချုပ် နိုင်လင်းထွန်း(ခ)ဝက်ကလေးသည် အလှူအတန်းအကြီးအကျယ်လုပ်ကာ ရက်ရောသည် သူဌေးကြီးတစ်ဦးပုံစံ ဖမ်းထားကြောင်း သန်လျင်မီဒီယာက ဆိုသည်။
