တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တို့မှ ၎င်းတို့တပ်များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်များကို တစ်ပြိုင်နက်ထဲ ပြန်လည်ဝင်ရောက်ခွင့်ပေးမည့် အစီအစဉ်အပေါ် ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုများနှင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုများနှင့် TNLA တို့တွေ့ဆုံရာတွင် အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုအစီအစဉ်အရ လာမည့် နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက် တို့တွင် မိုးမိတ်နှင့် မိုးကုတ်မြို့များကို စစ်အုပ်စုတပ်များ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဟု TNLA ဘက်က ပြောဆိုထားခြင်းဖြစ်သည်။
TNLA ၏ ဤပြောကြားချက်အပေါ် ဒေသခံပြည်သူများနှင့် တော်လှန်ရေးအင်အားစုအချို့က ပြတ်ပြတ်သားသား သဘောမတူကြောင်း ပြောဆိုကြသည်။
“မိုးကုတ်ကို သူတစ်ယောက်ထဲ သိမ်းခဲ့တာမဟုတ်ဘူး။သူကနည်းနည်းပဲသိမ်းခဲ့တာ၊ အဓိက MDY PDF နဲ့ မိုးကုတ်ဗျူဟာက အဓိက သိမ်းခဲ့တာ၊ အုပ်ချုပ်ရေးစနစ်ကိုလည်း သေချာမလုပ်ခဲ့၊ ကျောက်တွေကို ပိုးစိုးပက်စက် တူးသွားတယ်။ ကိုယ်တွေက ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အခြေအနေဖြစ်သွားတယ်။ လူထုမျက်နှာကိုမကြည့်ဘဲလုပ်တာ၊ TNLA က အခုမှ ကိုယ်လွတ်ရုန်းသွားတာ ” ဟု မိုးကုတ်မြို့တွင် စစ်ကော်မရှင်ကို ခုခံရန်ရောက်ရှိနေသည့် အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
TNLA တပ်များ ထွက်ခွာပြီး စစ်တပ်က ပြန်ဝင်လာခဲ့ပါက ဒေသခံပြည်သူများ၏ လုံခြုံရေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်ဟု ဒေသခံများက စိုးရိမ်နေကြပြီး၊ လုံခြုံရေး အားသာချက်များ ဆုံးရှုံးသွားမည်ကိုလည်း မြို့ခံများက စိုးရိမ်နေကြသည်။
“စစ်တပ်ကို TNLA ခေါ်သွင်းမယ်ဆိုလို့ အားလုံးစိုးရိမ်နေကြတယ်။ အဓိကကတော့ တအာင်းတပ်ရဲ့လုပ်ပုံကမဟုတ်ဘူး။ သူ့ဟာသူ တရုတ်ဖိအားကြောက်လို့ မြို့ကနေ ဆုတ်သွားတာဆုတ်လေ၊ အခု စစ်တပ်ကိုပါ ခေါ်သွင်းမယ်ဆိုတော့ အချင်းချင်း သေနတ်ပြောင်းတွေ ပြန်လှည့်လာမှာကိုစိုးရိမ်ရတယ်။ သတင်းတွေကလဲ စစ်တပ်ခေါ်သွင်းတဲ့အချိန် တော်လှန်ရေးတပ်တွေက မဟန့်တားရဘူးဆိုတော့ သူတို့က ဘာမို့လို့လဲ ” ဟု မိုးကုတ်မြို့ခံ တစ်ဦးက MPA ကိုပြောသည်။
တော်လှန်ရေးအင်အားစုများကမူ စစ်အုပ်စုကို အမြစ်ဖြတ် တိုက်ထုတ်နေချိန်တွင် စစ်တပ်ကို မြို့နယ်များထဲ ပြန်လည်နေရာယူခွင့်ပေးခြင်းသည် တော်လှန်ရေး၏ ရည်မှန်းချက်ကို ဆန့်ကျင်ရာရောက်သည်ဟု သုံးသပ်ကာTNLA ကို ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။
“TNLA ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ချိန်ခွင်လျှာ ဒါမှ မဟုတ် တိုက်ပွဲနယ်မြေကို လျှော့ချဖို့အတွက် ပြုလုပ်တာလို့ သုံးသပ်နိုင်တယ်။ ဒါပေမဲ့ အတူတူလက်တွဲခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကိုပါ အမိန့်ပေးတဲ့သဘောမျိုးပြောလာတဲ့အတွက် ပြဿနာတွေပိုကြီးထွားလာနိုင်တယ်။ ဒါကို စောင့်ကြည့်ရမယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ သေချာထိန်းသိမ်းရမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ဤဆုံးဖြတ်ချက်သည် မြေပြင်အခြေအနေတွင် ဒေသခံပြည်သူများအပေါ် တိုက်ရိုက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အပြင် စစ်တပ်ပြန်ဝင်လာပါက ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများနှင့် စစ်ရေးတင်းမာမှုများ ပြန်ဖြစ်လာမည်ကို ပြည်သူများ စိုးရိမ်ပူပန်ခြင်းမှာ လုံးဝ မှန်ကန်သည့် အခြေအနေဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုများကြား သဘောထားကွဲလွဲမှုသည် တော်လှန်ရေး၏ စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေနိုင်သော အန္တရာယ်ရှိသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။
