ဂါဇာတွင် နိုင်ငံတကာတပ်ဖွဲ့ ထားရှိရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတည်ပြု

ဓာတ်ပုံ - AP
ပုံစာ - ဂါဇာတောင်ပိုင်း ခမ်ယူနစ်မြို့၌ ထင်းများထည့်ထားသည့် အိပ်များကို သယ်ဆောင်လာသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦး

ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို ပိုမိုအားကောင်းစေပြီး နိုင်ငံတကာတပ်ဖွဲ့ ချထားခြင်းနှင့် အနာဂတ် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးလမ်းကြောင်းကို ထည့်သွင်းဖော်ပြထားသည့် အမေရိကန် ရေးဆွဲခဲ့သော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြုလိုက်သည်။

အမေရိကန်သမ္မတ ထရမ့်က “ကမ္ဘာတစ်ဝန်းလုံးတွင် ပိုမိုငြိမ်းချမ်းရေးကို ဦးတည်စေမည်” ဟု ကြေညာခဲ့သော ယင်းဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံမဲ ၁၃ မဲ ရရှိခဲ့ပြီး၊ ရုရှားနှင့် တရုတ်တို့ ကြားနေခဲ့သလို ကန့်ကွက်သူ၊ ဗီတိုအာဏာဖြင့် ပယ်ချသူမရှိခဲ့ပေ။

ထရမ့်က လူမှုမီဒီယာတွင် ယခုမဲပေးမှုသည် “ကျွန်တော် ဦးဆောင်မည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (BOARD OF PEACE) ကို အသိအမှတ်ပြု၍ ထောက်ခံလိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ထောက်ခံမှုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကာ၊ ကမ္ဘာတစ်ဝန်းလုံးတွင် ပိုမိုငြိမ်းချမ်းရေးကို ဦးတည်စေမည်” ဟု ရေးသားဖော်ပြခဲ့သည်။

သို့သော် ဆုံးဖြတ်ချက်တွင် ဂါဇာ၏ အုပ်ချုပ်ရေးအခန်းကဏ္ဍမှ ချန်လှပ်ထားခြင်းခံရသော ဟားမတ်စ် က ယခုသဘောတူညီချက်သည် ပါလက်စတိုင်းတို့၏ “နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုမှုများနှင့် အခွင့်အရေးများကို” ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု ကန့်ကွက်ခဲ့သည်။

ပြင်းထန်သော ညှိနှိုင်းမှုများကြောင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရသော ဤမူကြမ်းသည် အမေရိကန်သမ္မတ၏ အစီအစဉ်ကို “ထောက်ခံအတည်ပြုခြင်း” ဖြစ်ပြီး၊ ထိုအစီအစဉ်ကြောင့် စစ်ဒဏ်သင့် ပါလက်စတိုင်းနယ်မြေတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ထိလွယ်ရှလွယ် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာခဲ့သည်။

ဂါဇာကမ်းမြှောင်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်၏ အစ္စရေးအပေါ် တိုက်ခိုက်မှုကြောင့် စတင်ခဲ့သော နှစ်နှစ်ကြာ တိုက်ခိုက်မှုများအပြီးတွင် အများစုမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။

ယခုငြိမ်းချမ်းရေး အစီအစဉ်သည် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilisation Force – ISF) ကို ဖွဲ့စည်းရန် ခွင့်ပြုထားပြီး၊ ၎င်းတပ်ဖွဲ့သည် နယ်စပ်ဒေသများကို လုံခြုံစေရန်နှင့် ဂါဇာကမ်းမြှောင်ကို စစ်မဲ့ဇုန်ဖြစ်စေရန်အတွက် အစ္စရေးနှင့် အီဂျစ်တို့အပြင် အသစ်လေ့ကျင့်ထားသော ပါလက်စတိုင်းရဲများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

ISF သည် “နိုင်ငံအဆင့်မဟုတ်သော လက်နက်ကိုင်အဖွဲ့များထံမှ လက်နက်များ အပြီးအပိုင် ဖျက်သိမ်းခြင်း”၊ အရပ်သားများကို ကာကွယ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လမ်းကြောင်းများကို လုံခြုံစေခြင်းတို့အတွက် တာဝန်အပ်နှင်းခံထားရသည်။

ယခုဆုံးဖြတ်ချက်တွင် ဂါဇာအတွက် ကြားဖြတ်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ကို ဖွဲ့စည်းရန်လည်း ခွင့်ပြုထားပြီး၊ ယင်းအဖွဲ့ကို ထရမ့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ၊ ၂၀၂၇ ခုနှစ်ကုန်အထိ လုပ်ပိုင်ခွင့် အပ်နှင်းထား သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က တောင်းဆိုထားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ဂါဇာကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေချိန်တွင် “ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံတည်ထောင်ရေးအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်းအတွက် အခြေအနေများ နောက်ဆုံးတွင် အဆင်သင့်ဖြစ်လာနိုင်သည်” ဟု မူကြမ်းတွင် ဖော်ပြထားသည်။

အစ္စရေးက ကုလုံခြုံရေးကောင်စီ၏ ယခုအတည်ပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချထားသည်။

အမေရိကန်သည် ကာတာ၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဂျော်ဒန်နှင့် တူရကီတို့ လက်မှတ်ရေးထိုးထားသော ထောက်ခံပူးတွဲကြေညာချက်ကို ထုတ်ပြန်ခြင်းဖြင့် ယခုဆုံးဖြတ်ချက်အတွက် အာရပ်နှင့် မွတ်စလင်အများစုရှိသော နိုင်ငံအများအပြား၏ ထောက်ခံမှုကို ရရှိခဲ့သည်။