လက်နက်ကိုင်တော်လှန်ရေးသည် နှောင့်ယှက်မှုတစ်ခုဖြစ်သာကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စစ်ကော်မရှင်အကြိုက် ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ယမန်နေ့( နိုဝင်ဘာ ၁၉ရက်)က ၊ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲတွင် ဦးကိုကိုကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကိုကိုကြီးက နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်ကို လက်နက်ကိုင်နည်းဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ သက်တမ်းရှည် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်၏ စကားကို ကိုးကားပြီး ပြောကြားမှုများလည်းပြုလုပ်ခဲ့သည်။
“နိုင်ငံကြီးတစ်နိုင်ငံရဲ့ ခိုင်မာတဲ့ အထောက်အပံ့မရဘဲ မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင်နည်းလမ်းနဲ့ ကြိုးစားတာက နှောင့်ယှက်တာတွေတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ အဖြေမထွက်ဘူး။” ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့ကြောင့် ၎င်းတို့ပါတီအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ပြည်သူလူထုက ယုံယုံကြည်ကြည်ဖြင့် လက်ခံခွင့်ပြုရန် တိုက်တွန်းခဲ့သည်။
“လက်နက်ကိုင်တော်လှန်ရေးကို နှောင့်ယှက်မှုသာဖြစ်ပြီး အဖြေမထွက်ဘူးလို့ ပြောတာက စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို တိုက်ရိုက်စော်ကားလိုက်တာပဲ၊ သူ့သမိုင်းကြောင်း ဘယ်လိုပဲရှိရှိ ဦးကိုကိုကြီးကတော့ သမိုင်းသေသွားပြီ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှာသူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် ဦးကိုကိုကြီး အသုံးပြုခဲ့သည့် စကားလုံးများအနက် အဖြေမထွက်သော နှောင့်ယှက်မှုဆိုသည့် စကားသည် စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့များကို အသုံးပြုနေသည့် အကြမ်းဖက်သမားမားနှင့် တည်ငြိမ်မှု ဖျက်ဆီးသူများဟု သုံးနှုန်းသည့် စကားလုံးများနှင့် သဘောထားချင်း ဆင်တူကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
“ကိုကိုကြီးက စစ်တပ်နဲ့ ညှိနှိုင်းရေးလမ်းကို ရွေးတာကို ဘာမှ မပြောလိုဘူး။ ဒါက သူ့ရဲ့ခံယူချက်မို့လို့ ရွေးပါ၊ ဒါပေမဲ့ တော်လှန်ရေးကို စော်ကားတဲ့စကားလုံးတွေကို မကြာခဏပြောနေတာကတော့ မေးခွန်းထုတ်ရမယ်။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်က အခုလိုပြောတာဟာ တော်လှန်ရေးသမားက နှောင့်ယှက်သူတွေဖြစ်တယ်ဆိုပြီး စစ်တပ်က နိုင်ငံတကာက အပြကောင်းအောင် လုပ်ပေးလိုက်သလိုပဲ” ၎င်းက ပြောသည်။
ဦးကိုကိုကြီး၏ ယခုပြောကြားချက်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အင်အားစုများနှင့် စစ်တပ်တို့အကြား “အလယ်ဗဟို” တွင် ရပ်တည်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့်သည်ဆိုသည့် ပြည်သူ့ပါတီ၏ ရပ်တည်ချက်ကို ပြသလိုက်ခြင်း ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် စစ်ကော်မရှင်က နိုင်ငံရေးနည်းလမ်းကို ပိတ်ဆို့ထားသည့်အတွက် ဦးကိုကိုကြီးကို ပြည်သူများ ထောက်ခံမှု ပိုမိုလျော့ကျလာနိုင်ကြောင်း လေ့လာသူများသုံးသပ်ထားသည်။
ထို့ပြင် ဦးကိုကိုကြီး၏ စကားလုံးရွေးချယ်မှုသည် နိုင်ငံရေးနယ်ပယ်တွင် သိမ်မွေ့မှု ကင်းမဲ့ခဲ့ပြီး၊ အခွင့်အရေးသမားများဟု ၎င်းတို့ကို စွပ်စွဲနေကြသော စကားများကို ပိုမိုခိုင်မာစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုကြသည်။
