အမေရိကန်ပြည်သူတို့၏ ချွေးနှဲစာ မြန်မာအခြေစိုက် ကျားဖြန့်တို့ ပစ်မှတ်ထား ခိုးယူနေဟုဆို

ဓာတ်ပုံ - AFP

အမေရိကန်ပြည်သူတို့၏ ချွေးနှဲစာကို မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်များက ပစ်မှတ်ထား ခိုးယူနေကြောင်း ရီပတ်ဘလီကန်အမတ် ယန်းကင်မ်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၉ ရက်၊ အမေရိကန်အောက်လွှတ်တော်တွင် “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ် အတည်းနှင့် အမေရိကန်၏ ကန့်သတ်မှုရှိနေသည့် ရွေးချယ်စရာများ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့သလို အမေရိကန်ပြည်သူတို့၏ငွေ ဘီလီယံချီ ဆုံးရှုံးနေခြင်းကို ကွန်ဂရက်အနေနှင့် ချက်ချင်း အလေးထား ကာကွယ်ရန်လည်း တိုက်တွန်းခဲ့ကြောင်း ဘီဘီစီက ဖော်ပြသည်။

မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်တပ်သည် ဒေသတွင်းသာမက အမေရိကန်ပြည်သူတို့၏ လုံခြုံရေးအထိ သက်ရောက်ခြိမ်းခြောက်လာကြောင်းလည်း ၎င်းကဆိုသည်။

“ကျားဖြန့်တိုက်ဖျက်ရေးဂွင်ထဲကို အမေရိကန်ဝင်လာပြီဆိုတာနဲ့ မင်းအောင်လှိုင်ရော BGF တွေ ရော အကုန်ယောက်ယက်ခတ်ကုန်တယ်။ဒါပေမဲ့၊စစ်ကော်မရှင်ကတော့ ကျားဖြန့်တိုက်ဖျက်ရေးမှာ အမေ ရိကန်နဲ့ မပူးပေါင်းနိုင်ဘူးဆိုတဲ့ပုံစံမျိုး ကြောက်ကန်ကန်လာတာလည်း တွေ့ရတယ်”ဟု ရန်ကုန်အ ခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

အမေရိကန်အစိုးရ၏ မြန်မာအခြေစိုက် ကျားဖြန့်နှိမ်နင်းရေး၏ နောက်ကွယ်တွင် နက်နဲသည့်လျှို့ ဝှက်ရည် ရွယ်ချက်တစ်ခု ရှိနိုင်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်း၏ နိုဝင်ဘာ၁၉ရက် ပြောကြားချက်မှာ မပူးပေါင်းနိုင်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုဝင် ဘာ၁၂ရက်တွင် လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းလိုက်ကြောင်း အ‌မေရိကန်က ကြေညာခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှ အခြေစိုက် လိမ်လည်မှုလုပ်ငန်းများကြောင့် အမေရိကန် နိုင်ငံသားများ အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်အစိုးရက ခန့်မှန်းထားသည်။