ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ဟန်ဆောင်ကာ မြို့တော်ဝန်ဖြစ်ခဲ့သော တရုတ်နိုင်ငံသူ အဲလစ်ဂူနှင့် အခြားခုနစ်ဦးတို့ကို လူကုန်ကူးမှု စွဲချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း နိုင်ငံတော်ရှေ့နေများက ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
မနီလာမြို့မြောက်ပိုင်း ဘမ်ဘန်မြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂူသည် တရုတ်လူမျိုးများ လုပ်ကိုင်သော အွန်လိုင်းလောင်းကစားစခန်းကို ကြီးကြပ်ခဲ့ကြောင်း တွေ့ရှိရပြီး၊ ယင်းစခန်းတွင် ရာနှင့်ချီသော လူများအား လိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကာ မလုပ်ပါက နှိပ်စက်ခံရသည်။
ရုံးခန်းအဆောက်အအုံများ၊ ဇိမ်ခံအိမ်ရာများနှင့် ရေကူးကန်ကြီးတစ်ခုတို့ ပါဝင်သော ကျယ်ပြန့်သည့် အဆောက်အအုံဝင်းကို ၂၀၂၄ ခုနှစ် မတ်လတွင် ဗီယက်နမ်အလုပ်သမားတစ်ဦး ထွက်ပြေးပြီး ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ဆိုပြီးနောက် စီးနင်းရှာဖွေခဲ့သည်။
ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနှင့် ရဝမ်ဒါနိုင်ငံသား ၇၀၀ ကျော်ကို အဆိုပါနေရာတွင် တွေ့ရှိခဲ့ရပြီး၊ ထိုဝင်းပိုင်ဆိုင်သည့် ကုမ္ပဏီ၏ ဥက္ကဋ္ဌမှာ ဂူဖြစ်ကြောင်း ပြသသည့် စာရွက်စာတမ်းများကိုလည်း တွေ့ရှိခဲ့ရသည်။
တရားခံရှစ်ဦးစလုံးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့အနက် အချို့မှာ နိုင်ငံခြားသားများဖြစ်ကြောင်း နိုင်ငံတော်ရှေ့နေ အိုလီဗီယာ တော်ရီဗီးလပ်စ်က မနီလာမြို့ရှိ ဒေသဆိုင်ရာ တရားရုံးပြင်ပတွင် ပြောကြားခဲ့သည်။
“တစ်နှစ်ကျော်အကြာမှာ တရားရုံးက ကျွန်တော်တို့ကို အကောင်းဆုံး ဆုံးဖြတ်ချက်ပေးခဲ့ပါတယ်။ အဲလစ် (ဂူ) နဲ့ သူ့နဲ့ တွဲဖက်တရားခံ ခုနစ်ဦး စွဲချက်တင်ခံရပါတယ်။ တစ်သက်တစ်ကျွန်းပေါ့” ဟု တော်ရီဗီးလပ်စ်က ပြောကြားခဲ့သော်လည်း လျှို့ဝှက်ချက်ဥပဒေကြောင့် ဂူ၏ တွဲဖက်တရားခံများကို အမည်ထုတ်ဖော်ရန် ငြင်းဆိုခဲ့သည်။
ဖိလစ်ပိုင် စုစည်းမှုပြစ်မှုနှိမ်နင်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂူနှင့် အခြားသုံးဦးကို အဆောက်အအုံဝင်းအတွင်း “လူကုန်ကူးမှု စီစဉ်ဆောင်ရွက်ခြင်း” ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
နောက်ထပ် လေးဦးကိုမူ “လူကုန်ကူးမှုဆိုင်ရာ လုပ်ရပ်များ” အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း လည်း ၎င်းကဆိုသည်။
အသက် ၃၅ နှစ်အရွယ်ရှိ ဂူသည် ဖိလစ်ပိုင်မှ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၎င်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
လိမ်လည်မှုစခန်းတည်ရှိရာ ဘမ်ဘန် မြို့တော်ဝန်အဖြစ် သူမသည် ရွေးကောက်တင်မြှောက်ခံရသော်လည်း တရုတ်နိုင်ငံသားဖြစ်သည့် ဂူသည် ရာထူးအတွက် အရည်အချင်းပြည့်မီခြင်း လုံးဝမရှိခဲ့ကြောင်း မနီလာတရားရုံးက ဇွန်လတွင် ဆုံးဖြတ်ခဲ့သည်။
တရုတ်သံရုံးကမူ မှတ်ချက်တောင်းရန် ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
နိုင်ငံဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှတွင် ကြီးမားလာခဲ့ပြီး လိမ်လည်သူ ထောင်ပေါင်းများစွာ ပါဝင်ကြောင်း ခန့်မှန်းရသည်။
ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုမှာ “ယခုထက် အများကြီး ပိုများနိုင်သည်” ဟု ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဆိုထားပြီး၊ ၂၀၂၃ ခုနှစ်တွင် ဒေသတွင်းရှိ သားကောင်များထံမှ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ လိမ်လည်ရယူခဲ့ကြောင်း ဖော်ပြထားသည်။
ယခင်သမ္မတ ရိုဒရီဂို ဒူတာတေး လက်ထက်တွင် အစိုးရစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ကို တစ်နိုင်ငံလုံးတွင် လုပ်ငန်းလိုင်စင်များ ထုတ်ပေးခွင့်ပြုပြီးနောက် ဖိလစ်ပိုင်၌ အဆိုပါစခန်းများ ကြီးထွားလာခဲ့သည်။
သမ္မတ ဖာဒီနန် မားကို့စ်သည် ၂၀၂၄ ခုနှစ်တွင် ဂူ၏အမှုနှင့် ပတ်သက်၍ လူထု၏ ဒေါသများ တိုးပွားလာနေချိန်၌ ပြည်ပလောင်းကစားလုပ်ငန်းများကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး၊ ထိုလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအား နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။
